နိုင်ငံရေး/စစ်ရေး အနိမ့်ဆုံးသဘောတူညီချက်ရရှိရေး ကြိုးပမ်းကြဖို့

နိုင်ငံရေး/စစ်ရေး အနိမ့်ဆုံးသဘောတူညီချက်ရရှိရေး ကြိုးပမ်းကြဖို့

မောင်ကျော်စွာ (၂၀၂၃ခုနှစ်၊ ဇွန်လ ၃၀ ရက်) — မြန်မာပြည်တဝန်းမှာ ‘တိုက်ပွဲတွေ’ ဖြစ်နေပုံက အချိတ်အဆက်မရှိဘဲ သူ့အနေအထားနဲ့သူ တိုက်နေခိုက်နေ ကြသလို ဖြစ်နေတာကို သတိပြုမိပါတယ်။ တိုက်တဲ့နေရာတွေကတော့ တိုက်နေပြီး တချို့နေရာတွေ ငြိမ်နေကြတယ်။ တချို့နေရာတွေမှာတော့ တိုက်ပွဲမရှိသလောက်ပါပဲ။ ငြိမ်နေတဲ့နေရာဒေသတွေ၊ တိုက်ပွဲမရှိတဲ့ဒေသတွေကို အမြင် စောင်းပြီး တွက်ကပ်တဲ့သဘောမျိုးနဲ့ ပြောလိုတာ မဟုတ်ပါဘူး။ အဲဒီလို အနေအထားတွေ မညီမညာဖြစ်နေတာက လက်ရှိ ဆင်နွှဲနေကြတဲ့ ခုခံတော်လှန်စစ်အတွက် အကျိုးမရှိနိုင်ဘူးလို့ ယူဆလို့ပါ။

ဒေသတစ်ခုမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်နေပေမယ့် အခြားဒေသတွေမှာ ဘာတိုက်ပွဲမှမဖြစ်ဘဲ ငြိမ်သက်နေတာမျိုးဟာ အဓိကအားဖြင့်တော့ အကြမ်းဖက်(စကစ)စစ်အုပ်စုအတွက် သူ့ရဲ့စစ်ရေးအစီအမံတွေကို စိတ် ကြိုက် ချမှတ်လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ ရရှိနေစေပါတယ်။ တပ်ဖွဲ့တွေ၊ လက်နက်ခဲယမ်းတွေ၊ အမြောက်ကြီး တွေ၊ လေယာဉ်တွေကို စိတ်ကြိုက် ထုတ်နုတ်ရွှေ့ပြောင်း သယ်ပို့ချထားနိုင်စေပါတယ်။ ဒီလိုအခွင့်အလမ်းဟာ ကျနော် တို့ရဲ့ ပြောက်ကျားတပ်ဖွဲ့တွေ၊ လှုပ်ရှားတပ်ဖွဲ့တွေ၊ စခန်းထိုင်ထားသူတွေကို ရန်သူက စိတ်ကြိုက် တိုက်ခိုက်ခြိမ်း ခြောက်ထားနိုင်စေပါတယ်။

လက်ရှိအနေအထားမှာ (စကစ)စစ်အုပ်စုက အဓိကသုံးနေတဲ့  အဝေးပစ်အမြောက်ကြီးများ၊ ကင်းထောက် ဒရုန်းများ၊ လေယာဉ်များ၊ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို ကျနော်တို့ဘက်က ပီပီပြင်ပြင် တန်ပြန်ဟန့်တား ဖြိုခွင်းပစ်ခတ်နိုင်တဲ့ လက်နက်တွေ မရှိသေးပါဘူး။ ဒါ့အပြင် ကျနော်တို့ဘက်က လက်နက်ငယ်နဲ့ ခဲယမ်းလိုအပ်ချက် က ဟိုးယခင် တိုက်ပွဲတွေစတင်ကာစ ကာလနဲ့နှိုင်းယှဉ်ရင်တော့ တစုံတရာ ဖြည့်ဆည်းလာနိုင်တာမှန်ပေမယ့် မူလ လိုအပ်ချက် မပြည့်မီသေးဘဲ လိုအပ်ချက် ရှိမြဲရှိနေသေးတာ၊ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို  ဖြည့်တင်းနိုင်တဲ့ အနေ အထား မရှိသေးဘူးဆိုတာကလည်း တဖက် ရန်သူကပါ သိနေတာပဲ မဟုတ်ပါလား။ ဒါကြောင့်လည်း ကျနော်တို့ရဲ့ လက်နက်ခဲယမ်းရရှိရာ ရေသောက်မြစ်တွေ၊ ဘဏ္ဍာငွေကြေးရရှိရာတွေကို ဖြတ်တောက်ပိတ်ဆို့နေတယ် မဟုတ်ပါ လား။

ဒီကိစ္စကို (စကစ)စစ်အုပ်စုက လုပ်ဆောင်နေတဲ့နေရာမှာ ထိုင်းနယ်စပ်တစ်လျှောက်၊ အရှေ့မြောက်ဖက်က တရုတ်နယ်စပ်တွေနဲ့ KIO/KIA နဲ့ ထိစပ်ရာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်ဒေသတွေ၊ ရှမ်းပြည်နယ်နဲ့ မန္တလေး တိုင်း အစပ်ဒေသတွေ၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ်ဒေသတွေ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီစတဲ့ KNU/KNLA နဲ့ ထိစပ်ရာဒေသတွေကို သဲကြီးမဲကြီးထားပြီး လုပ်ဆောင်နေတာကို တွေ့ရပါလိမ့်မယ်။ ဆိုလိုချင်တာက ရန်သူဟာ ကျနော်တို့ကို စစ်ရေးအရ ထိုးနှက်တိုက်ခိုက်တာတင်မကဘဲ ကျနော်တို့ရဲ့ လက်နက်ခဲ ယမ်းရေသောက်မြစ်နဲ့ ထောက်ပံ့ပို့ဆောင်ရာ ဒေသတွေကို ဖြတ်တောက်ပိတ်ဆို့ထိန်းချုပ်နိုင်ဖို့ အဆက်မပြတ် လုပ်နေ တယ်ဆိုတဲ့ အချက်ပါပဲ။

ဒီဒေသတွေကို ပိုမိုထိန်းချုပ်နိုင်လာမယ်ဆိုရင် သာဓကအားဖြင့် စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေကို ကန့်သတ် လာနိုင်မယ်။ စိတ်ကြိုက် ချေမှုန်းလာနိုင်လိမ့်မယ် ဆိုတဲ့ရည်မှန်းချက်နဲ့  (စကစ)စစ်အုပ်စုက စဉ်းစားလုပ်ဆောင်နေ တာပါ။ ကျနော်တို့အတွက် ပို့ဆောင်ရေးလမ်းကြောင်း ရှည်လျားတာနဲ့ မချောမွေ့တာဟာ ကျနော်တို့ရဲ့ ပင်မလိုအပ် ချက်ဖြစ်တဲ့ လက်နက်ခဲယမ်း အချိန်မီ ဖြည့်တင်းရေးဆိုတဲ့ကိစ္စကို အခက်အခဲ ပိုမို ကြီးမားစေပါတယ်။ တိုက်ပွဲဖော် ဆောင်ရေးအတွက် အကန့်အသတ် ဖြစ်စေပါတယ်။ စိတ်ဓာတ်က ဘယ်လောက်ပဲ ထက်သန်တက်ကြွနေပါစေ လိုအပ် တဲ့ လက်နက်ခဲယမ်း မရှိရင် သို့တည်းမဟုတ် အနိမ့်ဆုံးလိုအပ်ချက် မပြည့်မီရင် ဘယ်လိုတိုက်ပွဲကိုမှ ဖော်ဆောင်လို့ မရနိုင်ဘူးဆိုတာကို ဒီနေ့ ခုခံစစ်ပွဲကို ၂နှစ်နီးပါး တိုက်ပွဲအတွေ့အကြုံ ရှိလာကြပြီဖြစ်တဲ့ အနယ်နယ်အရပ်ရပ်က တော် လှန်ရေးတပ်မှူး/တပ်သားတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်နေကြပါပြီ။

ဒါကြောင့် လိုအပ်ချက်က အစပ်ဒေသတွေကို ပြတ်ပြတ်သားသား စိုးမိုးထိန်းချုပ်ထားနိုင်ဖို့လိုအပ်ပါတယ်။ အချက်အချာကိစ္စကတော့ ရန်သူ(စကစ)စစ်အုပ်စုကို အခုလို မညီမညာ သို့တည်းမဟုတ် အချိတ်အဆက်မရှိ တိုက်ပွဲ ဆင်နေတာမျိုးထက် ယခုထက်ပိုမိုပြီး အချိတ်အဆက်ရှိတဲ့ တိုက်ပွဲတွေ အနှံ့အပြားဖြစ်ပေါ်လာအောင် လုပ်ဆောင်ရ လိမ့်မယ်လို့ ယူဆပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ဖို့ဆိုတာမှာ အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အချင်းချင်းအ ကြားက နိုင်ငံရေး/စစ်ရေး မဟာမိတ်ဖွဲ့မှုနဲ့ အပြန်အလှန် ခိုင်မာတဲ့ နားလည်မှုအပေါ်မှာပဲ တည်မှီနေပါတယ်။ အထူး သဖြင့် အရှေ့ဖက်မှာဆိုရင် သံလွင်မြစ်အရှေ့ဖက်ခြမ်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအကြားမှာ (ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အခြေပြုထားတဲ့) အပြန်အ လှန် နားလည်မှုတွေ ခိုင်ခိုင်မာမာရှိဖို့ သိပ်အရေးကြီးပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တို့ဘက်မှာလည်း အလားတူပါပဲ။ အဲဒီဒေသတွေမှာ အခြေပြုလှုပ်ရှားနေကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ၊ NUG-MOD ကွပ်ကဲမှုအောက်က တပ်ဖွဲ့တွေနဲ့ နာမည်အမျိုးမျိုးရှိတဲ့ ဒေသခံပြောက်ကျားတပ်ဖွဲ့တွေအကြားက (နိုင်ငံ ရေး/စစ်ရေး) နားလည်မှုနဲ့ အပြန်အလှန် ဖေးမကူညီမှုတွေက သိပ်ကို အရေးကြီးပါတယ်။

 

“ရန်သူဟာ သူ့စစ်နည်းဗျူဟာအတိုင်းပဲ အစဉ်အလာ လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးများရဲ့ ဗဟိုဌာနချုပ်တွေကို အတိအလင်း ကြေညာတိုက်ခိုက်တာမျိုးမလုပ်သေးဘဲ

“PDF တွေကို ကူညီနေတဲ့ အကြမ်းဖက်မှုကို လိုလားတဲ့အုပ်စု - ငြိမ်းချမ်းရေးကို မလိုလားတဲ့အုပ်စု” ဆိုပြီး သွေးခွဲဖဲ့ထုတ် တိုက်ခိုက်တာမျိုးတွေကို ကွက်ပြီး ပြုလုပ်နေပါတယ်။”

ဒီလိုမှမဟုတ်ဘဲ ငါ့အရပ် ငါ့ဒေသနဲ့ ငါ့တပ်ပဲ - ငါ့မြင်းငါစိုင်းနေကြမယ်ဆိုရင်တော့ ရန်သူ(စကစ)စစ်အုပ်စုက သူ့စစ်အင်အားကို လိုအပ်သလို ပိုင်းခြားထုတ်နှုတ်ပြီး ဝိုင်းပတ်ချေမှုန်းတာကို တစ်ဒေသပြီးတစ်ဒေသ ရင်ဆိုင်ကြရပါ လိမ့်မယ်။ လောလောဆယ်မှာတော့ ရန်သူဟာ သူ့စစ်နည်းဗျူဟာအတိုင်းပဲ အစဉ်အလာ လူမျိုးစုတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းကြီးများရဲ့ ဗဟိုဌာနချုပ်တွေကို အတိအလင်း ကြေညာတိုက်ခိုက်တာမျိုးမလုပ်သေးဘဲ “PDF တွေကို ကူညီနေတဲ့ အကြမ်းဖက်မှုကို လိုလားတဲ့အုပ်စု - ငြိမ်းချမ်းရေးကို မလိုလားတဲ့အုပ်စု” ဆိုပြီး သွေးခွဲဖဲ့ထုတ် တိုက်ခိုက်တာမျိုးတွေကို ကွက်ပြီး ပြုလုပ်နေပါတယ်။ ဒါဟာ ယာယီအားဖြင့် “အမာ”ကို ရှောင်ထားပြီး ပျော့တာမွတာ ကို ဖဲ့ထုတ်တိုက်ခိုက်နေတဲ့ နည်းဗျူဟာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမအဆင့်အနေနဲ့ လူမျိုးစုလက်နက်ကိုင်အင် အားစုများအားလုံးအကြားမှာ “နိုင်ငံရေး/စစ်ရေး အနိမ့်ဆုံးလုပ်ငန်းစဉ် သဘောတူညီချက်တစ်ခု”ရရှိထားဖို့ အပူတပြင်း လိုအပ်ပါတယ်။

အဲဒီလို “နိုင်ငံရေး/စစ်ရေး အနိမ့်ဆုံးလုပ်ငန်းစဉ် သဘောတူညီချက်တစ်ခု” ရရှိထားမယ်ဆိုရင်တော့ (စကစ) စစ်အုပ်စုဟာ ယခုထက်ပိုပြီး အမြီးကုပ်လာပါလိမ့်မယ်။ အပိုးကျိုးလာပါလိမ့်မယ်။  တိုက်ပွဲတွေ တညီတညာတည်း မရှိ သေးဘဲ တိုက်ခိုက်မှု‌တွေ လက်ရှိ ခံနေရချိန်မှာ (စကစ)စစ်အုပ်စုဟာ အိုးနင်းခွက်နင်းဖြစ်နေတယ်။ အရူးမီးဝိုင်းသလို ဖြစ်နေတယ် မဟုတ်ပါလား။

ဒါ့အပြင် ဒီလို“နိုင်ငံရေး/စစ်ရေး အနိမ့်ဆုံးလုပ်ငန်းစဉ် သဘောတူညီချက်တစ်ခု” ရရှိထားခြင်းအားဖြင့်လည်း အာဆီယံလို၊ အမေရိကန်လို၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့လို၊ ဂျပန်နိုင်ငံလို၊ အိန္ဒိယနိုင်ငံလို၊ ထိုင်းနိုင်ငံတို့လို သူတို့ မျှော်မှန်းခြေချထားတဲ့ “ပထဝီနဲ့စီးပွားရေး အကျိုးအမြတ်တွေ”ကို ထိန်းသိမ်းဖို့အလို့ငှာ ကျနော်တို့ပြဿနာ ပြေလည် ရေးလို့ ခေါင်းစဉ်လှလှပေးပြီး နည်းလမ်းမျိုးစုံနဲ့ ကိုယ်ထိလက်ရောက် ပါဝင်ဆောင်ရွက်နေမှုတွေကိုလည်း ညီညီညွတ် ညွတ် အားရှိရှိနဲ့ တုန့်ပြန်နိုင်ပါလိမ့်မယ်။

သူတို့က “(စကစ)စစ်အုပ်စုနဲ့ ဆွေးနွေးညှိနှိုင်းဖို့” တွန်းအားပေးတာ/ဖိအားပေးတာကို လောလောဆယ်မှာ ကျနော်တို့အနေနဲ့ မလွန်ဆန်နိုင်ဘဲ လိုက်ပါလုပ်ဆောင်နေကြရသလို ကျနော်တို့ဘက်ကလည်း အထက်မှာ တင်ပြခဲ့ သလို နိုင်ငံရေး/စစ်ရေး အနိမ့်ဆုံးသဘောတူညီချက် ရရှိထားပြီဆိုရင်တော့ ထိုသို့သော တွန်းအား / ဖိအားပေးနေတာ တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တုန့်ပြန်လာနိုင်ပါလိမ့်မယ်။

ဒါ့အပြင် (စကစ)စစ်အုပ်စုက နိုင်ငံနဲ့အဝန်းမှာ အကြမ်းဖက်တိုက်ခိုက်လုယက် သတ်ဖြတ်ဖမ်းဆီးနေတဲ့ လူမ ဆန်တဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း အဆိုပါပြည်ပနိုင်ငံများအနေနဲ့ (စကစ)စစ်အုပ်စုကို ထိထိရောက် ရောက် ဖိအား/တွန်းအားတွေပေးပါလို့ စုစုစည်းစည်း ပြန်လည်တောင်းဆိုလာနိုင်ပါလိမ့်မယ်။

Most read this week

May 10, 2024
မြဝတီမြို့ ကို ဦးတည်ထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်‌ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့...
May 9, 2024
မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ...
May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်...