ရှားပါး ပုပ္ပားမျောက်မြီးရှည်များ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံနေရ

ရှားပါး ပုပ္ပားမျောက်မြီးရှည်များ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံနေရ
တိုးနိုင်ထွန်း ( Wildlife Photographer )
တိုးနိုင်ထွန်း ( Wildlife Photographer )

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှာသာ တွေ့ရှိရသော ပုပ္ပါးလန်ဂါခေါ် ပုပ္ပားမျောက်မြီးရှည်များသည်  စားကျက်မြေ ပျောက်ဆုံးခြင်း၊ အမဲလိုက်ခံရခြင်းတို့ကြောင့် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူများက ပြောသည်။

ပုပ္ပားမျောက်မြီးရှည်များသည် လက်ရှိတွင် ကောင်ရေ ၂၅၀ မှ ၃၀၀ အကြားသာ ကျန်ရှိတော့ပြီး မျိုးသုဉ်း ပျောက်ကွယ်မည့် အခြေအနေဖြစ်နေသည်ဟု မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအဖွဲ့  (Native Species Conservation & Identification) က ပြောသည်။

“လက်ရှိကျန်ရှိနေတဲ့ အနေထားအရ မျိုးသုဉ်းမယ့်အန္တရာယ် အလွန်နီးကပ်နေတဲ့မျိုးစိတ်လို့ ပြောလို့ရတယ်။ အိမ်မွေးတိရစ္ဆာန် အနေနဲ့မွေးတာ၊ သတ်ဖြတ်စားသောက်ခံရတာရယ်ကြောင့် ဒီလောက်ပဲကျန်တော့တာပါ” ဟု အဖွဲ့တာဝန်ခံ ကိုဝင်းပိုင်ဦးက ပြောသည်။

အဆိုပါ မျောက်မျိုးစိတ်များကို ၎င်းတို့နေထိုင်ရာ ဒေသဖြစ်သည့် ပုပ္ပါးတောင်မကြီးကို အစွဲပြု၍  သိပ္ပံအမည် (Trachypithecus popa) အဖြစ် အမည်ပေးကာ မြန်မာဌာနေရင်း မျောက်မျိုးစိတ် အသစ်အဖြစ် ၂၀၂၀ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမျောက်မျိုးစိတ်များမှာ သစ်တောများပြုန်းတီးလာခြင်း၊ စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်းကြောင့် ကျက် စားရာဒေသများ ပျောက်ဆုံးလာနေသည်။ ထို့အပြင် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခြင်း၊ ဖမ်းဆီးသတ်ဖြတ် ခြင်းတို့ကြောင့်  မျိုးသုဉ်းတော့မည့် အခြေအနေဖြစ်လာဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ပြောသည်။

“အဓိကတော့ အမဲလိုက်ခံရတာ။ စားဖို့နဲ့ ပြန်ရောင်းဖို့ ဖမ်းဆီးတာတွေကြောင့် အကောင်ရေ လျော့ကျလာခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သစ်တော သစ်ပင်တွေ ခုတ်ပစ်တာတွေကြောင့် သူတို့ကျက်စားရာ ဒေသက လည်း နယ်မြေတစ်ဖြည်းဖြည်း ကျဉ်းလာတာ” ဟု သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူ ဘားအံ့ဒေသခံ ကိုစောကိုဦးက ပြောသည်။

မြန်မာမျိုးရင်းများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအဖွဲ့(NSCI) စာရင်းများအရ ပုပ္ပါးမျောက်မြီးရှည်များကို ပုပ္ပါးတောင်တွင် အကောင်ရေ ၁၁၀ ကျော်၊ ကရင်ပြည်နယ် ရသေ့ပြန်ဂူတွင် အကောင်ရေ ၂၀ မှ ၃၀၊ ရှမ်းပြည် နယ် ပန်းလောင် ပြဒါးလင်းဂူ တောရိုင်းဘေးမဲ့တောတွင် အကောင် ၄၆ ကောင်မှ ၉၆ ကောင်ဝန်းကျင်၊ ပဲခူးရိုးမ တွင် အကောင်ရေ ၂၂ ကောင် တွေ့ရှိကြောင်း ဆိုသည်။

လန်ဂါ မျောက်မျိုးစိတ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန က  ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်ခွဲ-က အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်အဖြစ် သတ်မှတ်ထားသည်။

ကမ္ဘာတွင် မျောက်မျိုးစိတ်ပေါင်း ၃၀၀ မှ ၅၀၀ ရှိသည့်အနက် မြန်မာနိုင်ငံတွင် ကျက်စားသည့် မျောက်မျိုးစိတ် ၂၀ ရှိသည်။ ယင်းမျောက်မျိုးစိတ် ၂၀ ထဲတွင် ပုပ္ပါးလန်ဂါမျိုးစိတ်သည် မြန်မာနိုင်ငံ တစ်ခုတည်းတွင်သာ ကျက် စားသည့်  မျောက်မျိုးစိတ်ဖြစ်သည်။

ဓာတ်ပုံ - တိုးနိုင်ထွန်း ( Wildlife Photographer )

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...