ရခိုင်တွင် မျိုးစပါးစမ်းသပ်ထုတ်လုပ်မှု ရလဒ်ကောင်းနေ

ရခိုင်တွင် မျိုးစပါးစမ်းသပ်ထုတ်လုပ်မှု ရလဒ်ကောင်းနေ
ဓညဝတီမျိုးစေထုတ်အသင်း၏ စမ်းသပ်စိုက်ခင်းတစ်ခုအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဦးသိန်းလှ
ဓညဝတီမျိုးစေထုတ်အသင်း၏ စမ်းသပ်စိုက်ခင်းတစ်ခုအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဦးသိန်းလှ

ရခိုင်ပြည်တွင် လယ်ယာလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် မျိုးစပါး စမ်းသပ်ထုတ်လုပ်နေမှုမှာ အောင်မြင်ဖြစ် ထွန်းကြောင်း “ဓညဝတီမျိုးစေ့ထုတ်အသင်း” တာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ ကို စိုက်ပျိုးနိုင်ရေးအတွက် ဓညဝတီမျိုးစေ့ထုတ် အသင်းက မြောက်ဦးမြို့နယ်တွင် ၂၀၁၉ ခုနှစ်ကစပြီး ပေါ်ဆန်းရင်၊ အိန္ဒိယချေ၊ ထိုင်းနှံကောက်၊ GW 11 (ဒေသအခေါ်ကောက်ချေ) စသည့် ရခိုင်ဒေသနှင့် ကိုက်ညီမည့် မျိုးစပါးများကို စမ်းသပ်စိုက်ပျိုးနေခြင်း ဖြစ်သည်။

“ရခိုင်က လယ်သမားတွေက မျိုးစေ့ဟောင်းတွေကိုပဲ အသုံးပြုစိုက်ပျိုးနေကြတော့ အကျိုးအမြတ်က မထွက် ဘူး။ ကျနော်တို့စမ်းသပ်ထားတဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့တွေကို အသုံးပြုစိုက်ပျိုးစေချင်တယ်။ အဲဒါမှ သူတို့ လည်း အဆင်ပြေမှာ” ဟု ဓညဝတီမျိုးစေ့ထုတ်အသင်းအတွင်းရေးမှူး ဦးမောင်သိန်းလွင်က ပြောသည်။

အဆိုပါမျိုးများမှာ ဒေသမျိုးစပါးထက် အရည်အသွေးကောင်းပြီး ဓာတ်မြေဩဇာ အများကြီးသုံးစွဲရန်အလိုဘဲ အထွက်နှုန်းလည်းကောင်းသည်ဟု အသုံးပြုစိုက်ပျိုးပြီး တောင်သူများထံမှ သိရသည်။

မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ ဦးလှမောင်သိန်းက “ကျနော်မှာက ဧက ၂,၄၀၀ ကျော်ရှိတယ်။ အကုန်လုံး အဲဒီမျိုးတွေနဲ့ပဲစိုက်တာ သုံးနှစ်လောက်ရှိပြီ။ မျိုးက ဒေသနဲ့လည်းကိုက်ညီတော့ စိုက်ရတာ အရမ်း အဆင်ပြေတယ်” ဟု ပြောသည်။

ဓညဝတီမျိုးစေ့ထုတ်အသင်းမှ ထုတ်လုပ်သည့် မျိုးစပါးများကို ရခိုင်ပြည်အတွင်း မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ မြို့နယ်မှ လယ်သမား ၁၀၀ ကျော်ခန့် စမ်းသပ်စိုက်ပျိုးလျက် ရှိသည်။

ဒေသမျိုးရင်းစပါး ၁ ဧကလျှင် စပါင်းတင်း ၅၀ နှင့် ၆၀ ကြား ထွက်ရှိပြီး စမ်းသပ်စိုက်ပျိုးသည့် မျိုးစပါးမှာ ၁ ဧကလျှင် တင်း ၁၀၀ ကျော်အထိ ထွက်ရှိကြောင်း လယ်သမားများက ပြောကြသည်။

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ဦးဇော်မျိုးချစ်က “အားနည်းချက်ကတော့ ဒီလိုထုတ်နေတာ မြောက်ဦးမြို့နယ် တစ်ခုတည်းပဲ၊ လိုသလောက်ဝယ်လို့ မရဘူး။ သူတို့မှာလည်း အများကြီးမထွက်တော့ အဲ့လို မျိုးစေ့တွေကို မြို့နယ်တိုင်းမှာ ထုတ်နိုင်ဖို့ မျှော်လင့်တယ်” ဟု ပြောသည်။

ရခိုင်ဒေသနှင့် ကိုက်ညီဖြစ်ထွန်းနေသော မျိုးစပါးများကို ငွေကြေးအခက်အခဲကြောင့် ရခိုင်ပြည်အတွင်းရှိ တောင်သူအားလုံး စိုက်ပျိုးနိုင်ရေးအတွက် တိုးချဲ့မထုတ်လုပ်နိုင်သေးကြောင်း ဓညဝတီမျိုးစေ့ထုတ်အသင်းမှ သိရသည်။

သို့သော်လည်း တောင်သူများကိုယ်တိုင် ထုတ်လုပ်စိုက်ပျိုးနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်များနှင့်ပတ်သက်၍ အသိပညာပေးမှု၊ နည်းပညာပေးမှု စသည့်အကူအညီပေးမှုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း တာဝန်ရှိသူ က ပြောသည်။

ရခိုင်ပြည်တွင် လယ်ဧက ၁၂ သိန်းခွဲကျော်ရှိပြီး တောင်သူများမှာ နည်းပညာအခက်အခဲ၊ ကုန်ကျစရိတ်ကြီးမြင့် မှုတို့ ကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ တဖြည်းဖြည်းကျဆင်းနေသည်။

July 14, 2026
ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် လယ်ယာနှင့် ဟင်းသီးဟင်းရွက်...
July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...
July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...
July 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက်...