မုန်တိုင်းဒဏ်သင့် ရခိုင်တောင်သူများကို စစ်ကောင်စီက မျိုးစပါးတင်း ၇ သောင်းကျော် ထောက်ပံ့မည်

မုန်တိုင်းဒဏ်သင့် ရခိုင်တောင်သူများကို စစ်ကောင်စီက မျိုးစပါးတင်း ၇ သောင်းကျော် ထောက်ပံ့မည်

မုန်တိုင်းဒဏ်သင့် ရခိုင်က တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံလမ်းညွန်းမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနက မျိုးစပါး ၇၃,၃၉၇ တင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

ပေါ်ဆန်းမွှေး၊ နှံကောက်နှင့် GW 11(ဒေသအခေါ် ကောက်ချေစပါး) စသည့် မျိုးစပါးများကို တောင်သူများထံသို့ စပါးစိုက်ချိန်အမီ ပေးနိုင်ရန်အတွက် တပ်မတော်မော်တော်ယာဉ်များဖြင့် စစ်တွေမြို့သို့ အရောက် ပို့ဆောင်ပေး သွားမည်ဟု “မြန်မာ့အလင်း”သတင်းစာတွင် ဖော်ပြသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော မြို့နယ်တို့တွင် မျိုးစပါးတင်းပေါင်း ၇၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကောင်စီစာရင်းအရ သိရသည်။

လက်ရှိတွင် လယ်သမားများမှာ လယ်များကို နိုင်သလောက်ထွန်ယက်နေကြပြီး မျိုးစပါးများကို သက်ဆိုင်ရာက အမြန်ဆုံး ကူညီပေးစေလိုကြောင်း မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ လယ်သမား ဦးစိုးနိုင်က ပြောသည်။

“အရင်နှစ်တွေကလည်း ရာသီဥတုမညီမျှတဲ့အတွက် စပါးတွေကပျက်တယ်။ မြေဆီတွေက ဈေးကြီးတဲ့အတွက် လယ်သမားတွေက စပါးစိုက်ပျိုးဖို့အတွက် အများကြီးအခက်အခဲဖြစ်ခဲ့တယ်။ ဒီနှစ်မှာဆိုရင် မုန်တိုင်းဒဏ် ကြောင့် ပိုပြီးတော့ဆိုးသွားတယ်။ အဲဒါကြောင့် သက်ဆိုင်ရာအစိုးရ(စစ်ကောင်စီ)အနေနဲ့ မျိုးစပါးတွေကို အမြန် ဆုံးကူညီပေးစေချင်တယ်” ဟု ဦးစိုးနိုင်က ပြောသည်။

လယ်သမားများမှာ မျိုးစပါးဝယ်ယူရန် ငွေကြေးအခက်အခဲများစွာ ရှိနေသည့်အတွက် စိုက်ပျိုးရေးဌာနအနေဖြင့် အခမဲ့ ကူညီပေးစေလိုကြောင်း ရသေ့တောင်တောင်သူများက ပြောဆိုနေကြသည်။

ရသေ့တောင်မြို့နယ်၊ ငတောက်တူကြီးကျေးရွာမှ လယ်သမား ဦးသန်းရွေမောင်က “အခု လယ်ကတော့ ထွန်နေ တယ်။ ဒါပေမယ့် မျိုးစပါးက အခက်အခဲဖြစ်နေတယ်။ စပါးစိုက်ဖို့အတွက် မျိုးစေ့ကတော့ မရှိသေးဘူး။ ကျနော့် မှာ မျိုးစပါးတွေက အကုန်လုံး မုန်တိုင်းနဲ့ပါသွားတာ။ တချို့ကလည်း ရတဲ့နည်းနဲ့ မျိုးစပါးရှာဝယ်နေကြတယ်။ ဒါပေမယ့် ငွေကြေးအခက်အခဲရှိနေတော့ စိုက်ပျိုးရေးဌာနကနေ မျိုးစပါးတွေကို အခမဲ့ပေးဖို့ လိုအပ်နေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက တောင်သူများအတွက်ပေးမည့် မျိုးစပါးများကို မြေပြင်တွင် အမှန်တကယ် အခက် အခဲရှိနေသည့် လယ်သမားများလက်ထဲသို့ ရောက်စေလိုကြောင်း ပြောဆိုနေကြသည်။ မျိုးစပါးများကို လယ် သမားများထံ မည်သို့မည်ပုံခွဲဝေပေးသွားမည်ကို စစ်ကောင်စီဘက်က ရှင်းရှင်းလင်းလင်းပြောဆိုခြင်း မရှိသေး ပေ။

“လယ်သမားတွေမှာ စပါးစိုက်ပျိုးနိုင်ဖို့အတွက် ထွန်းစက်ကအစ အခက်အခဲတွေရှိတယ်။ အဓိကတော့ မျိုးစပါး အခက်အခဲရှိတာပေါ့။ အခုလို မုန်တိုင်းဒဏ်သင့် လယ်သမားတွေအတွက် မျိုးစပါးတွေ ပို့ပေးရင်တော့ ကောင်း တာပေါ့။ အမှန်တကယ်လည်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ် သမားများသမဂ္ဂ ကျောက်တော်မြို့နယ် ဥက္ကဌ ဦးအောင်ကျော်မြက ပြောသည်။

ရခိုင်တွင် မုန်တိုင်းဒဏ်ကြောင့် စစ်တွေ၊ ရသေ့တောင် စသည့်မြို့နယ်များတွင် ကျွဲ၊ နွားနှင့် တိရိစ္ဆာန်ကောင်ရေ ၂၇,၆၀၀ ကျော်သေဆုံးခဲ့ကြောင်း စစ်ကောင်စီက မေ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိမှာ မုန်တိုင်းဒဏ်သင့်တောင်သူများမှာ နေအိမ်ပျက်စီးမှု၊ ကျွဲနွားသေဆုံးမှုအပြင် မျိုးစပါးများပါ ပျက်စီး ဆုံးရှုံးသွားသဖြင့် ပြန်လည်ထူထောင်ရေးအတွက် အခက်ခဲများနှင့် ရင်ဆိုင်နေကြရသည်။

ပုံစာ - မုန်တိုင်းကြောင့် စိုစွတ်သွားသည့် စပါးများအား နေလှန်းနေသော ရသေ့တောင်မြို့နယ်က လယ်သမား တစ်ဦးကို ၂၀၂၃ ခုနှစ်၊ မေ ၁၉ ရက်နေ့က တွေ့ရစဉ်။

May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...