မုန်တိုင်းအလွန် ရခိုင်ဒေသတွင် ရွှေပေါင်နှံရောင်းချမှု များပြားလာ

မုန်တိုင်းအလွန် ရခိုင်ဒေသတွင် ရွှေပေါင်နှံရောင်းချမှု များပြားလာ

မုန်တိုင်းအလွန် ရခိုင်ပြည်အတွင်းက မုန်တိုင်းသင့်မြို့နယ်များတွင် ရွှေဝယ်ယူမှုထက် ရွှေပေါင်နှံရောင်းချမှု ပိုမိုများပြားနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်က ရွှေဝယ်လိုအားမှာ ရွှေပေါင်နှံရောင်းချမှုထက် များပြားခဲ့သော်လည်း မုန်တိုင်းအလွန်တွင် ရွှေဝယ် လိုအား ကျဆင်းလာပြီး ရွှေပေါင်နှံရောင်းချမှု ပိုများလာခြင်းဖြစ်သည်။

“မုန်တိုင်းလွန်ကတည်းက အဝယ်ထက် ရောင်းချသူတွေနဲ့ ပေါင်းနှံသူတွေ ပိုများတယ်။ လူတွေက အိမ်တွေ ပျက်စီးသွားကြတော့ သူတို့ရဲ့အိမ်တွေကိုပြုပြင်ကြဖို့ လာရောင်းသူတွေ များတယ်” ဟု စစ်တွေမြို့မှ ရွှေအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် နေအိမ်၊ အဆောက် အအုံ အများအပြား ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်ဘီလီယံ ငါးရာနှစ်ဆယ်ကျော်ခန့်ရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။

မုန်တိုင်းကြောင့် ပျက်စီဆုံးရှုံးမှု ၉၅ ရာခိုင်နှုန်းကျော်ခန့်ရှိခဲ့သည့် ရသေ့တောင်မြို့နယ်တွင် မုန်တိုင်းအလွန်တွင် ရွှေရောင်းချသူနှင့် ပေါင်နှံသူများပြားနေသဖြင့် ရွှေဆိုင်များတွင် ငွေကြေးပြတ်တောက်သည်အထိ ရှိလာနေ သည်ဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။

ရသေ့တောင်မြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက “မုန်တိုင်းအလွန်မှာ ရွှေတွေက အဝယ်ထက် အရောင်းနဲ့ အပေါင်လောက်ပဲ ရှိကြတော့တယ်။ တချို့ရွှေဆိုင်တွေဆိုရင် ပြန်ဝယ်ဖို့ ငွေတွေပြတ်တောက်သွားတဲ့ အဆင့် အထိတောင် ရှိကြတယ်။ တခြား စီးပွားရေးသမားတွေဆီက ငွေချေးပြီးတော့မှ ပြန်ဝယ်ပေးရတာတွေ၊ အပေါင် ပစ္စည်းတွေ လက်ခံပေးရတဲ့အထိ ဖြစ်လာတယ်” ဟု ပြောသည်။

မုန်တိုင်းဒဏ်သင့် ကျေးလက်ဒေသများမှ ပြည်သူအများစုမှာ ပြန်လည်ထူထောင်ရေးအတွက် မိမိတို့စုဆောင်း ထားသည့် ရွှေတိုရွှေစများကို ပေါင်နှံရောင်းချနေကြခြင်းဖြစ်သည်။

မုန်တိုင်းကြောင့် နေအိမ်များနှင့် စပါးများ ပျက်စီးပျက်စီးသွားသည့်အတွက် ရွှေများပေါင်နှံကာ ပြင်လည် တည် ဆောက်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ရွှေနတ်ပြင်ကျေးရွာက ဒေါ်သန်းသန်းနုက ပြောသည်။

“မုန်တိုင်းကြောင့် အိမ်တွေပျက်စီးသွားသလို စပါးတွေလည်း ပျက်စီးသွားကြတာတွေ ရှိတယ်။ အိမ်တွေ ပြန်ဆောက်ဖို့ အတွက်ရော အခုမိုးရာသီ လယ်ယာစိုက်ပျိုးဖို့အတွက်ပါ ရွှေပေါင်ပြီးတော့ ဖြေရှင်းနေကြတယ်။ ရွှေတိုရွှေစတွေရှိတော့ လောလောဆယ် အခက်အခဲတွေကိုတော့ ဖြေရှင်ထားလို့ရတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်အတွင်းက မုန်တိုင်းဒဏ်သင့် ကျေးလက်ဒေသများတွင် အကူအညီရရှိမှုအားနည်းနေပြီး ပျက်စီးသွား သည့် နေအိမ်များကိုလည်း တစ်လကျော်ကြာအထိ ပြန်လည်မတည်ဆောက်နိုင်သေး၍ ဖြစ်သလိုနေထိုင် နေကြ ရသည်။

စစ်တွေမြို့တွင် ရွှေလာရောင်းသည့် ပေါက်တောမြို့နယ်၊ မြင့်ဂါကျေးရွာမှ အမျိုးသမီးတစ်ဦးက “မုန်တိုင်း ကြောင့် အိမ်က အကုန်ပျက်စီးသွားတယ်။ ကယ်ဆယ်ရေးလည်းမရတော့ အခု မိုးရာသီရောက်လာပြီ၊ နေစရာ အိမ်မရှိသေးဘူး။ အိမ်အတွက် အမိုးအကာတွေဝယ်ဖို့ ရွှေတိုရွှေစလေးတွေကို လာရောင်းတာဖြစ်တယ်။ ရွှေဆို တာက ရှိရင်တန်ဆာ၊ မရှိရင်တော့ ဝမ်းစာပေါ့။ ရောင်းလိုက်ရလို့ စိတ်မကောင်းပေမဲ့လည်း ကျောခင်းဖို့က အရေးကြီးတယ်” ဟု ပြောသည်။

ဇွန်လ ၂၂ ရက်နေ့ ပေါက်ဈေးအရ ရခိုင်ပြည်အတွင်းက မြို့နယ်များတွင် ရွှေတစ်ကျပ်သားကို ငွေကျပ် (၃၁) သိန်းမှ (၃၂) သိန်းကြားအထိ ရှိနေပြီး ရန်ကုန်ရွှေဈေးကွက် မဖွင့်သဖြင့် အချို့ရွှေဆိုင်ကြီးများမှာ အရောင်းပိတ် ထားကြသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...