ကလေးမြို့ အလက-၁ ကျောင်းဝန်းတွင် ဗုံးတွေ့၊ ကျောင်းအနီးက လူ(၉) ဦး ဖမ်းဆီးခံခဲ့ရ

ကလေးမြို့ အလက-၁ ကျောင်းဝန်းတွင် ဗုံးတွေ့၊ ကျောင်းအနီးက လူ(၉) ဦး ဖမ်းဆီးခံခဲ့ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်က အခြေခံပညာ အလယ်တန်းကျောင်း အမှတ် ၁ (ယခင်အမှတ် (၁၄) ကျောင်း)ဝန်းအတွင်း ဗုံးတွေ့ခဲ့တာကြောင့် ကျောင်းအနီးဝန်းကျင်က ဒေသခံ ၉ ဦးကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၇) ရက်နေ့တုန်းက စာသင်ကျောင်းဝန်းအတွင်း ဗုံးတွေ့တာကြောင့် ကျောင်းအနီးပတ်ဝန်းကျင် က ဒေသခံ (၉)ဦး ဖမ်းဆီးခံခဲ့ရကာ ဖမ်းဆီးခံရသူတချို့ကတော့ ဇွန်လ ၂၀ ရက်နေ့က လွတ်မြောက်လာပြီလို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ခံ တစ်ယောက်က “ကျောင်းနဲ့ကပ်ရပ်က တာဟန်းနှစ်ခြင်းအသင်းတော်က အတွင်းရေးမှူးနဲ့ ဘုရား ကျောင်းစောင့်တွေကို ဝင်ဖမ်း သွားတယ်။ ပြီးတော့ ကျောင်းနားလေးက ဘုန်းကြီးကျောင်းက လူတစ်ချို့လည်း ပါတယ်ပေါ့။ အများစုကတော့ ကျောင်းနားက အိမ်တွေက လူတွေပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေအနက် တာဟန်းနှစ်ခြင်း ခရစ်ယာန်အသင်းက အတွင်းရေးမှူးနဲ့ ဘုရားကျောင်းစောင့် အပါ အဝင် ဘုန်းကြီးကျောင်းက အဖမ်းခံရတဲ့သူတွေ ဇွန်လ (၂၀) ရက်နေ့တုန်းက ပြန်လည် လွတ်မြောက်လာပေမယ့် ကျောင်းရဲ့ အနီးပတ်ဝန်းကျင်က နေအိမ်တွေမှာ ဖမ်းခံရတဲ့သူတွေတော့ အခုချိန်ထိ ပြန်လည် လွတ်မြောက်လာ ခြင်း မရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

အခုလို အမှတ်(၁၄)ကျောင်းဝန်းအတွင်း ဗုံးတွေ့ပြီးတဲ့နောက် အဲ့ဒီကျောင်းမှာ ကျောင်းတက်ကြတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ကြောက်ရွံ့ကြတာကြောင့် ကျောင်းဖွင့်ရက် ဇွန်လ (၁၉) ရက်နေ့ တနင်္လာနေ့မှာတော့ ကျောင်းတက်တဲ့သူ အနည်းငယ်သာ ရှိတော့တယ်လို့ တောင်ဖီလာရပ်ကွက်က ဒေသခံတွေက ပြောပါတယ်။

ကျောင်းဝန်းအတွင်း ဗုံးထောင်ထားတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ Chin World Media အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ကျောင်းဝန်းအတွင်း ဗုံးထောင်ထားတဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ကလေးမြို့ဒေသခံတချို့က အပြင်းအထန် ရှုတ်ချ ကြပါတယ်။

ကလေးမြို့က ကျောင်းသားမိဘတစ်ယောက်က “ဒီစာသင်ကျောင်းတွေဟာ စစ်ရေးပစ်မှတ်မဟုတ်ဘူး။ အသက် အရွယ်ငယ်တဲ့ သူတွေပဲ တက်နေတဲ့ကျောင်းဖြစ်တယ်။ အဲ့ဒါကြောင့် ကျောင်းနားမှာ ဗုံးထောင်တာ။ ဗုံးဖောက် တာ သေနတ်ဖောက်တာတွေ လုံးဝမလုပ်သင့်ဘူး။ လုပ်တဲ့သူတွေဟာ ကလေးတွေရဲ့ ပညာရေးကို ဖျက်ဆီးတဲ့ သူတွေပဲ“ လို့ သူ့အမြင်ကို ပြောပါတယ်။

တောင်ဖီလာရပ်ကွက်က အလက (၁) ယခင်အမှတ် (၁၄) ကျောင်းဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကျောင်းမဖွင့်တာ (၂) နှစ်အထိရှိလာပြီ ဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှသာ ဒီကျောင်းကို ပြန်လည်ဖွင့်လှစ်တာဖြစ်ပြီး ကျောင်းတက်တဲ့ ကျောင်းသူ/ကျောင်း သားတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

အလက ၁ ကျောင်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မေလ ၁၆ ရက်နေ့ တုန်းကလည်း ကျောင်းဝန်း အတွင်း မီးလောင်တာကြောင့် အိမ်စာသင်ဆောင်တစ်လုံး ပျက်စီးသွားခဲ့ပါတယ်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...