မြေသြဇာ၊ အလုပ်သမားငှားရမ်းခစျေးကြီးလို့ စပါးစိုက်တောင်သူများ အခက်တွေ့

မြေသြဇာ၊ အလုပ်သမားငှားရမ်းခစျေးကြီးလို့ စပါးစိုက်တောင်သူများ အခက်တွေ့

မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရန်အတွက် ဓာတ်မြေသြဇာ၊ အလုပ်သမားရှားပါးပြီး ငှားရမ်းခ စျေး ကြီးသည့်အတွက် စပါးစိုက်တောင်သူများ အခက်အခဲကြုံတွေ့နေရသည်ဟု တောင်သူများက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ကုန်စျေးနှုန်း မြင့်တက်လာသည်နှင့်အတူ ဓာတ်မြေသြဇာ စျေးအဆမတန် မြင့်လာခြင်း၊ ပြည်ပထွက် အလုပ်လုပ်ကိုင်သူ များလာခြင်းကြောင့် အလုပ်သမား ရှားပါးလာပြီး အလုပ်သမား ငှားရမ်းခလည်း စျေးကြီးလာသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်ကထက် ယခုနှစ်တွင် အလုပ်သမားရှာရခတ်ပြီး ငှားရမ်းခလည်း စျေးကြီးလာသည့်အတွက် စပါး စိုက်ပျိုးရန် ခက်ခဲနေသည်ဟု မုဒုံမှ လယ်သမားတစ်ဦးက ပြောသည်။

“အလုပ်သမားကတော့ မနှစ်ကတော့ တစ်ယောက်ကို မိန်းကလေးဆို ၈ဝဝဝ နှင့် ၉ဝဝဝ အကြား ယောက်ကျား လေးဆို ၁၂၀၀၀ နဲ့ ငှားရတယ်။ ဒီနှစ်ကတော့ ၁၅၀၀၀ လောက်ဖြစ်သွားတယ်” ဟု မုဒုံမြို့က လယ်သမားက ပြော သည်။

အလုပ်သမား ငှားရခက်ခဲပြီး လုပ်အားခ စျေးကြီးပေးရသည့်အတွက် အချို့တောင်သူများက စပါးကို စိုက်ပျိုး သည့်စနစ် အသုံးမပြုတော့ပဲ မျိုးကြဲသည့်စနစ်ကို ပြောင်းလဲလုပ်ကိုင်လာကြသည်ဟု တောင်သူများက ပြောသည်။

ထို့အပြင် ဓာတ်မြေသြဇာ စျေးကြီးသည့်အတွက် စပါးစိုက်ခင်းများကို မြေသြဇာ လုံလုံလောက်လောက် မထည့် နိုင်တော့ဘူးဟုလည်း စပါးစိုက်တောင်သူများက ပြောသည်။

“မနှစ်ကဆို ကျတော်တို့က မြေသြဇာကို အိတ်တွေအများကြီးမထည့်နိုင်ဘဲ ၅ အိတ်လောက်ပဲ ထည့်ဖြစ်တယ်။ တချို့တတ်နိုင်သူကကျ ထည့်နိုင်တော့ စပါး ပိုထွက်တာပေါ့” ဟု လယ် ၁၀ ဧကပိုင် တောင်သူတစ်ဦးက ပြော သည်။

ယခုနှစ်တွင် စပါးစျေးကောင်းရခဲ့သော်လည်း အထွေထွေကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ မြေသြဇာ မထည့်နိုင်သည့် အတွက် စပါးအထွက်နည်းခြင်းတို့ကြောင့် စပါးစိုက်တောင်သူများ တွက်ခြေ မကိုက်ကြဘူးဟုလည်း တောင်သူ များက ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာပြီးလျှင် စပါးစိုက်ပျိုးခြင်းသည် ပြည်နယ်၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး မိုးစပါးကိုသာ အဓိကထား စိုက်ပျိုးကြသည်။

မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုး ဧက ၇ သိန်းနီးပါးရှိပြီး စပါးကြမ်းအုပ်စုဝင် စပါး စိုက်ပျိုးမှု ၄၀ ရာခိုင် နှုန်းရှိကာ စပါးချောအုပ်စုဝင် စပါးစိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်းရှိသည်ဟု မွန်ပြည်နယ် စပါးကုန်သည်များအသင်း ထံမှ သိရသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...