မုန်တိုင်းကြောင့် သဲသောင်ပြင်ဖြစ်သွားခဲ့သည့် ပေါက်တောက တံငါရွာ နာလန်မထူနိုင်သေး

မုန်တိုင်းကြောင့် သဲသောင်ပြင်ဖြစ်သွားခဲ့သည့် ပေါက်တောက တံငါရွာ နာလန်မထူနိုင်သေး
သဲခုံကျေးရွာ အခြေအနေကို  ဇွန်လ ဒုတိယအပတ်အတွင်းက တွေ့ရစဉ်။
သဲခုံကျေးရွာ အခြေအနေကို ဇွန်လ ဒုတိယအပတ်အတွင်းက တွေ့ရစဉ်။

ဘင်္ဂလားပင်လယ်အော်အတွင်းတည်ရှိသည့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတွင် မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးသွားခဲ့ရပြီး လက်ရှိအချိန်ထိ နာလန်ထူရန် ခက်ခဲနေသေးကြောင်း ဒေသခံများက ပြော သည်။

ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် သဲခုံကျေးရွာတွင် အိမ်ခြေ ၄၅၀ ခန့်၊ လူဦးရေ ၂,၀၀၀ ခန့်ရှိပြီး မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိမ်ခြေ ၄၂၀ ခန့်ပျက်စီးကာ နေအိမ်အပါ အဝင် ငါးဖမ်းလှေနှင့် ငါးဖမ်းပိုက် အများအပြားမှာ ဒီရေနှင့်အတူ မျောပါသွားခဲ့သည်။

ကျန်ရှိခဲ့သည့် အိမ်ခြေ ၃၀ ခန့်မှာလည်း အနည်းနှင့်အများ ပျက်စီးသွားပြီး ကျေးရွာမှာ သဲသောင်ပြင်အဖြစ်သာ ကျန်ရှိခဲ့သည်။ မုန်တိုင်းအလွန် တစ်လခန့်ကြာသည်အထိ ငါးဖမ်းလုပ်ငန်းများကို ပြန်လည်မလုပ်ကိုင်နိုင်သေး၍ အခက်အခဲရှိနေကြသည်ဟု သဲခုံကျေးရွာသားများက ပြောဆိုကြသည်။

“ဘာမှ မကျန်ခဲ့တော့ တစ်ရွာလုံး အခုအချိန်အထိ ဘာအလုပ်မှ မရှိကြဘူး။ တစ်ရွာလုံး စားဝတ်နေရေးကအစ အကုန်လုံး အခက်အခဲဖြစ်နေကြတယ်” ဟု ဒေသခံ ဒေါ်ခင်ခင်သိန်းက ပြောသည်။

သဲခုံကျေးရွာသားများမှာ ကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်အချို့က ကူညီထောက်ပံ့သည့် စားနပ်ရိက္ခာနှင့် သောက်သုံးရေတို့ကို အဓိကအားထားနေရပြီး သဲသောင်ပြင်တွင် တဲထိုးကာ တာပေါ်လင်စ အမိုးအကာဖြင့် ဖြစ်သလိုနေထိုင်နေကြသည်။

ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် သဲခုံကျေးရွာသားများမှာ ရေလုပ်ငန်းလုပ်ကိုင်ရာတွင် ပိုက်ကြီး၊ သုံးလုံးကွင်း၊ သုံးထပ်ပိုက်၊ ဝိုင်းပိုက်၊ ကျောက်ကပ်၊ အာထောက်၊ ဆွဲပိုက်၊ ငါးတန်ပိုက် စသည့် ငါးဖမ်း ပိုက် အမျိုးမျိုးကို အသုံးပြု၍ လုပ်ကိုင်စားသောက်နေကြခြင်း ဖြစ်သည်။

နှစ်ကြာရှည် ရှာဖွေစုဆောင်းထားသည့် ငါးဖမ်းပိုက်နှင့် စက်လှေများမှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွား သဖြင့် အခြေခံလူတန်းစားများ၏ ဘဝရပ်တည်ရေးအတွက် အခက်အခဲဖြစ်နေရသည်ဟု သဲခုံကျေးရွာမှ ရေလုပ်သား ဦးလှစိန်ထွန်းက ပြောသည်။

“မုန်တိုင်းနဲ့ပါသွားတဲ့ ငါးဖမ်းပစ္စည်းတွေကို အခုပြန်စုမယ်ဆိုရင် ဘယ်နှနှစ်တောင်မှ ကြာအုံးမှာလဲ မသိတော့ ဘူး။ စဉ်းစားရင် ဦးနှောက်တွေ ရှုပ်လာတယ်”ဟု ၎င်းကပြောသည်။

သဲခုံကျေးရွာသားများမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည့်နေအိမ်များကို မူလအတိုင်း ဆောက်လုပ်နိုင်ရေး အတွက် ငါးဖမ်းလုပ်ငန်းကို ပြန်လည်လုပ်ကိုင်နိုင်ရန် လိုအပ်နေသည်။ ထို့ကြောင့် ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင် နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် လူမှုအဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးကြရန် သဲခုံကျေး ရွာသားများက လိုလားနေကြသည်။

“စေတနာရှင်အဖွဲ့အစည်းတွေက လိုအပ်တာလေးတွေကို အခမဲ့မဟုတ်ရင်တောင် ချေးငွေသဘောမျိုးနဲ့ ကူညီ ထောက်ပံ့ ပေးမယ်ဆိုရင် မြန်မြန်ဆန်ဆန် လုပ်ငန်းအကောင်အထည်ဖော်နိုင်မယ်။ ဒီအတိုင်း ကိုယ့်ဟာကို ရုန်း ကန်ကြမယ်။ ဆိုရင်တော့ တစ်ရွာလုံးကလူတွေ ဒီနှစ်အလုပ်ဖြစ်ကြမှာ မဟုတ်ပါဘူး။ နောက်နှစ်တောင် မလွယ် သေးဘူး” ဟု သဲခုံကျေးရွာမှ ဦးကျော်သောင်းက ပြောသည်။

ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခေါ်) မြေငူကျွန်းတွင်တည်ရှိသည့် သဲခုံကျေးရွာသည် “မိုခါ” မုန် တိုင်းမတိုက်မီ အချိန်ကလည်း ပင်လယ်ရေတိုက်စားမှုကြောင့် နှစ်စဉ်နှစ်တိုင်း ကမ်းပါးပြိုကျမှုဒဏ်ကို ရင်ဆိုင် နေရသည့် ကျေးရွာဖြစ်သည်။

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတမ်း ဒေသတစ်ခုဖြစ်သည့်အလျောက် ဒေသခံအများအပြားမှာ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ ရေလုပ်ငန်းအတွက် မရှိမဖြစ်အရေးပါသည့် ငါးဖမ်းပိုက်နှင့် စက်လှေအများအပြား မှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသဖြင့် လုပ်ငန်းပြန်လည်လုပ်ကိုင်ရန် အခက်အခဲများစွာရှိနေကြသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...