ကော့ကရိတ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကျည်ထိပြီး ကလေးငယ် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ကော့ကရိတ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကျည်ထိပြီး ကလေးငယ် ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ရွာတွင် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး၊ မိသားစု ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ကော့ကရိတ်မြို့အနီး လှိုင်ဝကုန်းရှိ စစ်ကောင်စီတပ်တို့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ရွာတန်းရှည်ရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ရှိ မိသားစုဝင် ၃ ဦးအနက် အသက် ၁၂ အရွယ် စောကျော်သန်းအောင်ဆိုသူ သေဆုံးသွားပြီး၊ အသက် ၄၃ နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၄ နှစ် အရွယ် ညီမဖြစ်သူတို့ အသီးသီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကော့ကရိတ် တောင်ပိုင်းဒေသကို စစ်ကောင်စီတပ်တို့မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

“ဘာတိုက်ပွဲမှ မရှိဘူး။ ဒီလိုပဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊ ဒီလိုမျိုး ကျေးရွာတွေ ထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေတာကတော့ ဆက်တိုက်ပဲ လုပ်လာတယ်။ လူထိတာ လူသေဆုံးတာတွေလည်း ရှိနေတယ်” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဇွန်လ ၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ခုဒုံကျေးရွာအုပ်စု ဆံဖလားကျေးရွာထဲ စစ်ကောင်စီ တပ် လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီတပ် လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆံဖလားကျေးရွာ မူလတန်း စာသင် ကျောင်း ၁ ကျောင်း၊ နေအိမ် ၄ လုံးအပြင် ဒေသခံဥယျာဥ်ခြံမြေများလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ကေအဲန် ယူ ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် လူနေကျေးရွာအတွင်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ် ခတ်နေခြင်းကြောင့် စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ နေအိမ်များနှင့် ပြည်သူပိုင် ဥယျာဥ်ခြံမြေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း ကေအဲန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...