ရခိုင်တွင် မိုးအဝင်နောက်ကျပြီး ဆုတ်ခွာချိန်စောမည်ဟု မိုးဇလပြော

ရခိုင်တွင် မိုးအဝင်နောက်ကျပြီး ဆုတ်ခွာချိန်စောမည်ဟု မိုးဇလပြော

ရခိုင်ပြည်တွင် ယခုနှစ် မုတ်သုံလေဝင်ရောက်မှု နောက်ကျပြီး ပြန်လည်ဆုတ်ခွာချိန် စောမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးပြောကြားလိုက်သည်။

အနောက်တောင်မုတ်သုံလေမှာ ဇွန်လ ၁၀ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံတောင်ပိုင်းမှ မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက်မည်ဖြစ်ပြီး ပုံမှန်ထက်တစ်ပတ်ကျော် နောက်ကျမည်ဟု မိုးဇလ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

“ဒီနှစ် မုတ်သုန်လေဟာ မူမှန်တဲ့ မုတ်သုန်လေတော့ မဟုတ်ဘူး။ မြစ်ဝကျွန်းပေါ်ဒေသကိုတောင် မုတ်သုံ အဝင် နောက်ကျတယ်ဆိုရင် ရခိုင်ကို မိုးအဝင် ပိုပြီးနောက်ကျမယ်။ ရာသီဥတုဟာ တစ်နှစ်နဲ့တစ်နှစ် မတူတဲ့အတွက် ဒီနှစ်မှာ မိုးမခေါင်ပေမယ့်လည်း မိုးနည်းတဲ့နှစ်လို့ ပြောလို့ရတယ်” ဟု ဦးလှထွန်းက ပြောသည်။

ကမ္ဘာ့မျက်နှာပြင်ပေါ်မှ လေကြောင်းလှိုင်းပြောင်းလဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် တစ်နှစ်ထက် တစ်နှစ် မုတ်သုံကာလတိုလာနေသည်ဟု မိုးဇလက ဆိုသည်။

မိုးအဝင်နောက်ကျပြီး မိုးရွာသွန်းမှုနည်းပါးမည်ဖြစ်သဖြင့် လယ်ယာလုပ်ငန်း ထိခိုက်မှုများရှိမည်ကို လယ်သမား များက စိုးရိမ်နေကြသည်။

ထို့ကြောင့် လယ်သမားများအနေဖြင့် မုတ်သုံဝင်ပြီးနောက်ပိုင်းမှ လယ်ယာလုပ်ငန်းကို စတင်ရန်၊ ရာသီဥတုနှင့် လိုက်လျောညီထွေသည့် မျိုးစေ့များကိုသာ စိုက်ပျိုးသင့်ကြောင်း မိုးဇလက အကြံပြုထားသည်။

မြောက်ဦးမြို့နယ်၊ ခွဆုံကျေးရွာမှ ဦးစံသိန်းအောင်က “မိုးမရွာသွန်းသေးပေမယ့် လယ်ကတော့ စထွန်နေကြပြီ။ ညဘက်တွေမှာ မိုးရွာသွန်းမလို တိမ်ထူနေပေမယ့် မိုးမရွာဘူး။ ဒီနှစ်မိုးနည်းမယ်လို့ ထင်ပါတယ်။ အရင်နှစ်က လို မိုးခေါင်မှာကိုလည်း စိုးရိမ်တယ်။ မိုးခေါင်ရင်တော့ လယ်သမားတွေ ဘဝပျက်ကြလိမ့်မယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့်နှစ် ရာသီဥတုဖောက်ပြန်ပြီး မိုးရွာသွန်းမှုနည်းခြင်း၊ ဓာတ်မြေဩဇာဈေးမြင့်တက်ခြင်း၊ သွင်းအားစုစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် စပါးပေါ်ချိန်တွင် အထွက်နှုန်း ၅၀ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့သည်။

မုန်သုံလေအဝင် နောက်ကျပြီး မိုးရွာသွန်းမှုနည်းပါးမည်ဖြစ်၍ လယ်သမားအနေဖြင့် ကောက်ကြီးစပါးများကို မစိုက်ပျိုးကြရန် တောင်သူလယ်သမားသမဂ္ဂက တိုက်တွန်းထားသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဌ ဦးမျိုးမင်းအောင်က “ကောက်ချေစပါးဟာ ရက် ပေါင်းအနည်းငယ်နဲ့ အမှည့်မြန်ပြီးတော့ ကောက်ကြီးစပါးက အချိန်အများကြီး လိုတယ်။ ဒါကြောင့် လယ် သမားတွေမှာ နစ်နာမှုနည်းအောင် ကောက်ချေစပါးကို ဦးစားပေးစိုက်ပျိုးစေချင်ပါတယ်” ဟု ပြောသည်။

ပင်လယ်ကမ်းရိုးတန်းဒေသ ရခိုင်ပြည်တွင် မိုးရွာသွန်းမှုများပြီး နှစ်စဉ်ပျမ်းမျှမိုးရေချိန် လက်မ ၂၀၀ ရှိသည်။

ပြီးခဲ့သည့်နှစ်က မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် နွေရာသီကာလတွင် သောက်သုံးရေရှားပါးမှုကို ကြုံတွေ့ရ သဖြင့် ယခုနှစ် မိုးရာသီကာလတွင် ရသမျှရေကို သိုလှောင်သိမ်းဆည်းထားကြရန် မိုးဇလက တိုက်တွန်းထားသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...