ဘီးလင်းတွင် ကုန်တင်ယာဥ်တစ်စီး မိုင်းဆွဲ ပစ်ခတ်ခံရပြီး အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာရ

ဘီးလင်းတွင် ကုန်တင်ယာဥ်တစ်စီး မိုင်းဆွဲ ပစ်ခတ်ခံရပြီး အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မေလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ၆ ဘီး ကုန်တင်ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံများ က ပြောသည်။

မေလ ၃၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က သထုံမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ မောင်းနှင်လာသည့် ၆ ဘီး ကား ကုန်တင်ယာဉ်တစ်စီးသည် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးတွင် မိုင်းဆွဲခံရပြီး လက်နက်ငယ်များ ဖြင့်ပါ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ကုန်တင်ယာဥ် မိုင်းဆွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဥ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဘီးလင်းဒေသခံတစ်ဦးက “အမျိုးသမီးက ဦးခေါင်းဘယ်ဘက်ဂျိုးစောင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ ဘယ်ဘက်လက်ခုံမှာ ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိတယ်။ ဒဏ်ရာကပြင်းထန်တယ်” ဟု ပြောသည်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြသည်။

မွန်ပြည်နယ် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက်တွင် ခရီးတင် သည်ယာဉ်များနှင့် ကုန်တင်ယာဉ် မိုင်းဆွဲခံရသည့်ဖြစ်စဥ်၊ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင် ကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ခရီးသည်အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ မေလ ၂၂ ရက်ညကလည်း သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီးရှိ ရွှေမိုးစက်သုံးဆီဆိုင်နှင့် ဇရပ်ကျွန်း လမ်းခွဲ ကြားတွင် ကုန်တင်ယာဥ်တစ်စီ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး မိုင်းစ ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

ထို့အပြင် မေလ ၂၆ ရက်နေ့ညကလည်း သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာနှင့် ကရင် လေးဆိပ်ကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကုန်တင်ယာဥ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ယာဉ် နောက်လိုက် သေဆုံးကာ၊ ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦး  မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...