SSPP မှ နမ့်လန်မြို့ပေါ် တွင် တပ်သားသစ်ကောက်ယူ/ ဒေသခံများ ညအချိန် အပြင်မထွက်ရဲ

SSPP မှ နမ့်လန်မြို့ပေါ် တွင် တပ်သားသစ်ကောက်ယူ/ ဒေသခံများ ညအချိန် အပြင်မထွက်ရဲ

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ်ကောက်ယူနေမှုများကြောင့် ဒေသခံများ ညအချိန် အပြင်မထွက်ရဲကြဘူးဟု ပြောသည်။

ယခုမေလ နောက်ဆုံးပတ်မှစပြီး SSPP/SSA တပ်ဖွဲ့သည် ညအချိန် တပ်သားသစ် ဝင်ရောက်ကောက်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ညအချိန်ဆို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး တပ်သားကောက်နေတာ။ သား ၂ ယောက်ရှိတဲ့ အိမ်ဆို တစ်ယောက် သွားရတာပေါ့။ တစ်ပတ်လောက်ရှိနေပြီ ။ ညဆို ဘယ်သူမှ အပြင်မထွက်ရဲဘူး။ ၆ နာရီဆိုတာနဲ့ အပြင်သွား လာ တာ မရှိတော့ဘူး။ ရပ်ကွက်ထဲ အပ်ကျရင်တောင် အသံကြားလောက်တယ်” ဟု နမ့်လန်မြို့ ဒေသခံ အမျိုးသား တစ်ဦး က ပြောသည်။

အဆိုပါ SSPP/SSA တပ်သားများသည် နမ့်လန်မြို့အတွင်း (၅) ဦးလောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထိုသို့ လာရောက်ဖမ်းဆီးချိန်တွင်လည်း ကြိုးတုပ်ပြီး ရိုက်နှက်မှုလည်းရှိကြောင်း သိရသည်။

“သူတို့ အိမ်တံခါးခေါက်ပြီးတော့ ဝင်လာတာ။ ဟိုညက စိန်ပန်းရပ်ကွက်ကို ဝင်ခေါ်တာ။ အိမ်နီးချင်းက ပြောပြ ချက်အရ ဆိုရင် သူတို့က ကြိုးတုပ်တာ၊ ရိုက်တာရှိတယ်တဲ့။ အဲ့ကြောင့် အိမ်ရှင်က ကြိုးမတုပ် နဲ့ မရိုက်နဲ့ဆို ပြီး တော့ ကောင်းကောင်းလေး ထည့်ပေးသွားလိုက်ရတယ်” ဟု အထက်ပါ နမ့်လန်မြို့ ဒေသခံတစ်ဦးက ပြောသည်။

SSPP/SSA တပ်သားများသည် ညအချိန်မှာ တပ်သားသစ်ဝင်ဆွဲနေသည့်အတွက်ကြောင့် ဒေသခံ အမျိုးသားများ က ညအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ကျနော်တို့ ညညဆိုရင် အိမ်မှာ အိပ်လို့ မရဘူး။ ထွက်ပြေးတိမ်းရှောင်နေကြတာ။ အိမ်မှာ ယောက်ကျား ၂ ယောက်ရှိတဲ့ အိမ်ဆိုရင် ညဆို အိမ်မှာမနေရဲဘူး။ ကျ‌နော်တို့တော့ SSPP/SSA အကြီးအကဲတွေကို မေးချင်တယ်။ ဘာကြောင့်မလို့ ခေါ်တာလဲ။ ဘယ်လိုလူတွေကိုခေါ်တာလဲ။ တစ်ချို့ပြောတာကျတော့ RCSS နဲ့ အဆက်သွယ်ရှိတဲ့ အိမ်ဆိုဝင်ခေါ်တယ်လို့ပြောတာ” ဟု နမ့်လန်မြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ နမ့်လန်မြို့တွင် ညအချိန်တွင် တပ်သားသစ်လာကောက်ယူနေသည့်အပေါ်ကို SSPP/SSA ပြောရေး ဆိုခွင့် ရှိသူ ဒု – ဗိုလ်မှူးကြီး စိုင်းဆု နှင့် ဗိုလ်မှူး စိုင်းဖုန်းဟန်တို့ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့ သော်လည်း စက်ပိတ်ထားသည်။

အလားတူ သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်တွင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလည်း အခွန်ကောက်ယူမှု နှင့် တပ်သားစုဆောင်းမှုတွေကို ပိုပြီးပြုလုပ်လာခဲ့ကြောင်း သိရသည်။

Most read this week

December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...
December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...