ကျေးရွာအတွင်း KNU တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားနေ၍ တိုက်ပွဲဖြစ်ပွားမည်ကို မွန်ဒေသခံများ စိုးရိမ်

ကျေးရွာအတွင်း KNU တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားနေ၍ တိုက်ပွဲဖြစ်ပွားမည်ကို မွန်ဒေသခံများ စိုးရိမ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မွန်ကျေးရွာအချို့တို့တွင် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားလာသည့်အတွက် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

မေလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က အင်အား ၃၀ ကျော်ခန့်ရှိသည့် KNU လက်အောက်ခံ တပ်မဟာ ၆ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ဝေသာလီအနောက်ရွာထဲ ဝင်လာကာ ကျေးရွာအတွင်းတပ်စွဲထားပြီး မေလ ၂၈ ရက်နေ့ နေ့လည်ခန့်မှသာ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

မေလ ၂၈ ရက်နေ့ကလည်း KNU လက်အောက်ခံတပ်ဖွဲ့ဝင်များ ဘိုကတော်ကျေးရွာထဲဝင်လာခဲ့ပြီး ယနေ့အထိ ကျေးရွာအတွင်း တပ်စွဲထားသည်ဟု ဆိုသည်။

ထို့အပြင် ဝယ်ကလွန်ကျေးရွာအစွန် ကတွန်စုကျေးရွာဘက်ထွက်သည့်လမ်းတွင်လည်း KNU တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်တို့က တဲဆောက်ကာ စခန်းချထားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

“လောလောဆယ်ကတော့ သွားလာတာ သူတို့ ဘာမှမမေးဘူး။ လူအသွားအလာလည်းရှိနေတယ်။ တချို့ ကြောက်လို့ မသွားလာတာလည်း ရှိတယ်။ သူတို့ကတော့ ဘာမှ မမေးဘူး။ တဲဆောက်တာက သူတို့ ဖြတ်သန်း သွားလာတဲ့အခါ နားဖို့လို့တော့ ပြောတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကျေးရွာများအတွင်း KNU တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာနေခြင်း၊ ကျေးရွာအတွင်း လာရောက် တပ် စွဲထားခြင်းတို့ကြောင့် ဒေသခံတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံတို့က စိုးရိမ်ကြောက်ရွံ့နေကြပြီး အချို့ ပြောင်းရွှေ့သွားသည်ရှိသလို ရော်ဘာခြံလည်း မသွားရဲကြဘူးလို့လည်း ဒေသခံများ က ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နှင့် KNU  ဒူးပလာယာခရိုင် ထိန်းချုပ်နယ်မြေ အတွင်းတည်ရှိနေသည်။

ယခု KNU တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာနေသည့် ကျေးရွာများသည် မွန်ပြည်သစ်ထိန်းချုပ်နယ်အတွင်းက ကျေးရွာများဖြစ်ပြီး ယခင်က KNU တပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလျှင် မွန်ပြည်သစ်ပါတီကို အကြောင်းကြား လေ့ရှိသည်ဟု ဆိုသည်။

ကျေးရွာများအတွင်း KNU တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားခြင်း၊ တပ်စွဲထားခြင်းကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ် ပါတီ မော်လမြိုင်ခရိုင် တာဝန်ရှိသူတို့က KNU ဘက်နှင့် တွေ့ဆုံဆွေးနွေးထားကြောင်း အသေးစိတ်ကို လွတ်လပ် သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...