ထားဝယ်မှ လူတစ်ဦး စစ်ကြောရေးတွင် သေဆုံး

ထားဝယ်မှ လူတစ်ဦး စစ်ကြောရေးတွင် သေဆုံး

စစ်ကောင်စီဖမ်းဆီးသွားသည့် ထားဝယ်မြို့က အသက် ၃၀ ကျော် အမျိုးသားတစ်ဦး စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

စစ်ကြောရေးတွင် ညှင်းပမ်းနှိပ်စက်ခံရမှုများကြောင့် သေဆုံးသွားသည်မှာ အသက် ၃၀ နှစ်အရွယ် ကိုကျော်သူရ ဆိုသည်ဖြစ်သည်။

သေဆုံးသူ ကိုကျော်သူရနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက “အလောင်းလည်း ပြန်မရေသေးဘူး။ အလောင်း တော့ မိသားစုက ပြန်ရချင်တာပေါ့” ဟု ပြောသည်။

စစ်ကြောရေးတွင် သေဆုံးသွားကြောင်း မေလ ၂၀ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တဆင့် မိသားစုထံ လာရောက် အကြောင်းကြားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ကိုကျော်သူရသည် ထားဝယ်မြို့၊ ဒေါင်းငူတံငါရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မေလ ၁၅ ရက်နေ့ ညနေပိုင်းက အလုပ်မှအပြန် နေအိမ်အရောက်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ဖမ်းဆီးပြီးနောက် မေလ ၁၆ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က ကိုကျော်သူရကို ကားပေါ်တင်ဆောင်ကာ ဒေါင်းငူတံငါရပ်ကွက်အတွင်း လိုက်ပြခိုင်းခဲ့ခြင်းကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၈ ဦး လည်း ထပ်မံဖမ်းဆီးခံလိုက်ရသည်ဟု မြို့ခံများက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးသမီး ၂ ဦးမှာ သူမတို့၏ အမျိုးသားများကို မတွေ့ခြင်းကြောင့် ဓါးစာခံများ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြခြင်း ဖြစ်သည်ဟု ရပ်ကွက်နေပြည်သူ အချို့က ပြောသည်။

ကိုကျော်သူရမှာ အစ္စလာမ်ဘာသာဝင် တစ်ဦး ဖြစ်ပြီး မိသားစုဝင်များက ၎င်းတို့၏ ဘာသာရေး ဓလေ့ထုံးစံအရ မြေမြုပ် သင်္ဂြိုဟ်ရန် လိုအပ်ခြင်းကြောင့် မိသားစုဝင်များက ရုပ်အလောင်းကို ပြန်လိုချင်နေကြသည်ဟု အသက် ၃၅ နှစ်အရွယ် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ ကိုကျော်သူရသည် ယခင်က ကုန်မာဆိုင် အရောင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် လျှပ်စစ် မီး တပ်ဆင်ရေးတွင် ဝင်ရောက်လုပ်ကိုင်နေပြီး ပရဟိတလုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက် နေသူ တစ်ဦး ဖြစ်သည်။

ထပ်မံဖမ်းဆီးခံရလိုက်သည့် ဒေါင်းငူတံငါရပ်ကွက်တွင် နေထိုင်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးအထဲမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မေလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၅ ဦးကိုမူ ဆက်လက်ဖမ်းဆီးထားသည် မြို့ခံများက ပြောသည်။

July 4, 2026
 ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့၌ ကုန်ကားမောင်းနှင်သူ တစ်ဦးသည်...
July 3, 2026
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိခြင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရှိ၍မဟုတ်ဘဲ...
July 3, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို...
July 2, 2026
ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12...