ဟိုင်းကြီးကျွန်း ပင်လယ်ပြင်တွင် ရိုဟင်ဂျာ ၆၂ ဦး ဖမ်းမိ

ဟိုင်းကြီးကျွန်း ပင်လယ်ပြင်တွင် ရိုဟင်ဂျာ ၆၂ ဦး ဖမ်းမိ

ဟိုင်းကြီးကျွန်း ပင်လယ်မှာ စက်လှေပေါ်က ရိုဟင်ဂျာ ၆၂ ဦး ကို စစ်ကောင်စီ၏ ရေတပ်က ဖမ်းဆီး လိုက်သည် ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ အနီး ပင်လယ်ပြင်မှာ မောင်းနှင်လာသော စက်လှေကို စစ်ကောင်စီ လက်အောက်ခံ ဟိုင်းကြီးကျွန်း ရေတပ်စခန်းမှ စစ်ရေယာဉ်က လိုက်လံ တားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ဒေသခံ မူဆလင် လူငယ်တစ်ဦးက “အသက် မပြည့်သေးသူ တချို့လည်းပါတယ်။ စက်လှေသမားတွေကိုလည်း ဖမ်းမိထားတယ်။ ဖုန်းတွေနဲ့ ငွေတွေကို ရေတပ်က သိမ်းသွားတယ်။ စာရင်း အတိအကျတော့ စစ်ဆေး နေဆဲ ဆိုတော့ မသိရသေးဘူး“ ဟု ပြောသည်။

စက်လှေပေါ်တွင် ပါရှိလာသော ရိုဟင်ဂျာ အမျိုးသား ၅၀ ဦးနှင့် အမျိုးသမီး ၁၂ ဦးကို မေလ ၅ ရက်နေ့က ဖမ်း ဆီးလိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိထားသည့် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၆၂ ဦးကို ငပုတောမြို့ကို ခေါ်လာပြီး ယင်းမြို့က ရေသန့် စက်ရုံ၏ ဂိုထောင်တစ်ခုမှာ နေချထားပေးသည်ဟု ဆိုသည်။  

၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအပြင် ရဲတပ်ဖွဲ့က စစ်ဆေးနေသည်ဟု အုပ်ချုပ် ရေးအဖွဲ့နှင့် နီးစပ်သူ အချို့က ပြောသည်။

ဖမ်းဆီးခံရသည့်  ရိုဟင်ဂျာ ၆၂ ဦး အတွက် စားရေးသောက်ရေးနှင့် အခြား လူမှုရေး အကူအညီများကို မြို့ခံ မူဆလင် ဘာသာရေး အဖွဲ့အစည်းများက ကူညီပေးထားသည် ဟု ဆိုသည်။

မြန်မာ မူဆလင် ချစ်ကြည်ရေး ကွန်ရက် အဖွဲ့ဝင် တစ်ဦးက “သူတို့က ရခိုင်ပြည်နယ် ဗူးသီးတောင် မောင်း တော မြို့နယ်ဘက်က ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေပါ။ နေရေးစားရေးတွေ ကြပ်တည်းလွန်းလို့ အသက် ရှင်သန်ရေးအတွက် မွေးရပ်မြေကို စွန့်ခွာလာသူတွေပါ” ဟု ပြောသည်။

ဖမ်းဆီးခံရသော ရိုဟင်ဂျာ ၆၂ ဦးမှာ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတောဒေသရှိ ဒုက္ခသည် စခန်းများက ထွက်ခွာလာသူ အများစု ပါဝင်သည်ဟု ၎င်းတို့အား ကူညီပေးနေသည့် မြို့ခံ မူဆလင် ဘာသာရေး အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်ထဲ ဒေသအတွင်း နိုင်ငံရေး၊ စစ်ရေး မငြိမ်သက်မှုများ ရှိနေခြင်းကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် ရိုဟင်ဂျာ ဒုက္ခသည်စခန်း ၁၁ ခု ဝန်းကျင်ရှိနေပြီး စားဝတ်နေရေးနှင့် အလုပ်အကိုင် ရရှိရေး အခက်အခဲများရှိနေသည်ဟု မြန်မာ မူဆလင်လူငယ်ကွန်ရက်အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ထဲရှိ ဒုက္ခသည်စခန်းများက ထွက်ခွာလာသည့် ရိုဟင်ဂျာ ၇၀ ဦး ကျော်ကို ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့အနီး ပင်လယ်ပြင်တွင်  စစ်ကောင်စီ၏ ရေတပ်က ဖမ်း ဆီး ခဲ့ပါသေးသည်။

ဖမ်းဆီးရမိသော ရိုဟင်ဂျာ ၇၀ ကျော်ကို ငပုတောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဦးစီးဌာန က နိုင်ငံသား မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၆၃-က နှင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး ငပုတောမြို့နယ် တရားရုံးက ဧပြီလ ၂၅ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်စီချမှတ် ခဲ့သည်။

July 4, 2026
 ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့၌ ကုန်ကားမောင်းနှင်သူ တစ်ဦးသည်...
July 3, 2026
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိခြင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရှိ၍မဟုတ်ဘဲ...
July 3, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို...
July 2, 2026
ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12...