ရခိုင်ရိုးမတောင်ပေါ်တွင်ရှိသော တောင်ကုတ်နေပူတောင်မှ မာဘယ်လ်အလှဆင်ကျောက် ထုတ်လုပ်မှုစီမံကိန်းကို စစ်ကောင်စီက ပြန်လည်အကောင်အထည်ဖော်ရန် ခြေလှမ်းစတင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ နေပူတောင်စီမံကိန်း ဧရိယာအနီးတဝိုက်ကို ယခင်က ဒေသခံများသွားလာ၍ရသော်လည်း လက်ရှိတွင် စစ်ကောင်စီသတ္တုတွင်းဝန်ကြီးဌာနက “တားမြစ်နယ်မြေ”ဟု ဆိုင်းဘုတ်များ စိုက်ထူလာခြင်းဖြစ်သည်။
“အရင်ကဆိုရင် အဲဒီနေပူတောင်ကို ဒေသခံတွေအနေနဲ့ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ ဒါပေမယ့် အခုက တားမြစ်နယ်မြေဆိုပြီးတော့ ဆိုင်းဘုတ်တွေ ထောင်ထားတယ်။ ဒေသခံတွေသွားမယ်ဆိုရင်လည်း သတ္တုဝန်ကြီးလက်မှတ်ပါမှ ဝင်ရမယ်ဆိုပြီးတော့ပြောတယ်”ဟု တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးက ဆိုသည်။
နေပူတောင်စီမံကိန်းကို ပြန်အကောင်အထည်ဖော်ရန် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်ကောင်စီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၄ ဦးနှင့် ဗီယက်နမ်ကုမ္ပဏီ တာဝန်ရှိသူတို့ ပါဝင်သည့် ပူးတွဲစီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ယင်းနောက် ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး နေပူတောင်ဝင်လမ်းနှင့် ဧရိယာအနီးတဝိုက်ကို တားမြစ်နယ်မြေအဖြစ် စစ်ကောင်စီ သတ္တုတွင်းဝန်ကြီးဌာနက တားမြစ်နယ်မြေအဖြစ် သတ်မှတ်လာခြင်းဖြစ်သည်။
တောင်ကုတ်မြို့မှ နောက်ထပ်ဒေသခံတစ်ဦးက “ကျနော်တို့ ကြားတာကတော့ ဒီစီမံကိန်းကို ဒီနှစ် ဇန်နဝါရီလမှာ ပြန်စမယ်ဆိုပြီးတော့ သတင်းတွေထွက်ခဲ့တယ်။ အဲဒီလကတည်းက ဝင်ခွင့်မရတော့ဘူး။ သတ္တုဝန်ကြီးက ကန့်သတ်ထားတာလို့ သိရတယ်။ အထဲမှာဘာလုပ်နေလဲ ကျနော်တို့ မသိရဘူး”ဟု ဆိုသည်။
စီမံကိန်းစတင်ဆောင်ရွက်မည့် အခြေအနေနှင့်ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာန၊ နေပူတောင်တာဝန်ခံ လက်ထောက်မန်ဂျာ ဒေါ်ခင်နှင်းအောင်ကို DMG က ဆက်သွယ်မေးမြန်းရာ “ကျမအနေနဲ့တော့ ဆရာတို့မေးတဲ့ မေးခွန်းတွေကို ဖြေပိုင်ခွင့်မရှိပါဘူး။ ဆရာတို့သိချင်တယ်ဆိုရင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို တိုက်ရိုက်လျှောက်ပြီးတော့ မေးပေးပါ။ ကျမတို့ကို ဘာမှ ဖြေဆိုခွင့်မပေးထားပါဘူး”ဟု ဖြေရှင်းချက်ပေးသည်။
ရခိုင်ပြည်နယ်စစ်ကောင်စီ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
စစ်ကောင်စီသည် ရခိုင်ဒေသတည်ငြိမ်နေသည်ဟုဆိုကာ ကုလားတန်စီမံကိန်း စစ်တွေ အိန္ဒိယဆိပ်ကမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ သံတွဲ၊ ဂွ၊ အမ်းတို့တွင် တရုပ်၏ လေအားလျှပ်စစ်စီမံကိန်း စသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်လာနေသည်။
သို့သော်လည်း စစ်ကောင်စီက လုပ်ဆောင်နေသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းများမှာ ရခိုင်ပြည်သူများအတွက် အကျိုးအမြတ်မရှိ ဖြစ်နေကြောင်း ဝေဖန်မှုများ ရှိနေသည်။
ရခိုင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်အရေး ဦးဆောင်သူ ဦးထွန်းကြည်က “ရခိုင်ပြည်မှာ စစ်ကောင်စီက ရင်းနှီးမြုပ်နှံမှုတွေလုပ်နေပေမယ့် ရခိုင်ပြည်သူတွေရဲ့ ဆန္ဒကို ဖွင့်ပြောဖို့အတွက် လွှတ်တော်ရဲ့အခန်းကဏ္ဍလည်း မရှိဘူး။ CSO တွေရဲ့ အခန်းကဏ္ဍလည်း မရှိဘူး။ စစ်ကောင်စီက ရခိုင်ပြည်ကနေ သယံဇာတထုတ်ယူမှုတွေ အများကြီးရှိတယ်။ ရင်းနှီးမြုပ်နှံမှုတွေလည်း တိုးပြီးတော့ လုပ်လာတာတွေဟာ ရခိုင်ပြည်သူတွေအတွက် အကုန်လုံးက အရှုံးပဲဖြစ်တယ်။ ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားရက ဘာမှမရှိဘူး”ဟု ဆိုသည်။
နေပူတောင်စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်တွင် ဗီယက်နမ်-မြန်မာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၂ ခုနှစ် မတ်လတွင် Myanmar SIMCO Song Da Joint Stock (MYSICO)ကုမ္ပဏီက နေပူတောင်ဒေသရှိ မြေဧရိယာ ၂ ဒသမ ၃၇၀၃ စတုရန်းကီလိုမီတာပေါ်မှာ မာဘယ်လ်အလှဆင်ကျောက် ထုတ်လုပ်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။
နေပူတောင်မှထွက်ရှိသော မာဘယ်လ် အလှဆင်ကျောက်များသည် ရှားပါးတန်ဖိုးကြီးအမျိုးအစားဖြစ်ပြီး ကျောက်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကိုစိုးရိမ်၍ စီမံကိန်းရပ်တန့်ပေးရန် ၂၀၁၃ ခုနှစ်ကစပြီး တောင်ကုတ်ဒေသခံနှင့် ရခိုင်ပြည်သူများက ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သို့သော် NLD အစိုးရလက်ထက်မှာလည်း နေပူတောင်စီမံကိန်းကို ဆက်လက်လုပ်ခွင့် ပြုခဲ့ပြန်သည်။ ယင်းနောက်ပိုင်း စီမံကိန်းလုပ်ကွက်တွင် လျှပ်စစ်မီးမရဘဲ ဓာတ်အားပေးစက်သုံးနေရခြင်း၊ ပြည်ပသို့ပို့ရန် သယ်ယူရေးတွင် အထွေထွေကုန်ကျစရိတ်၊ ထုတ်လုပ်မှုစရိတ် မြင့်မားမှုများကြောင့် ၂၀၁၈ ခုနှစ် ဧပြီလကစပြီး ယာယီရပ်နားထားပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ပြန်လည်အကောင်အထည်ဖော်ရန် ပြင်ဆင်လာနေခြင်းလည်းဖြစ်သည်။







