KNDO နှင့် Federal Wings တို့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဝေါလေဗျူဟာကုန်းရှိ စစ်ကောင်စီ၏ ၁၂၂ ဟောင်ဝစ်ဇာအမြှောက် ပျက်စီး

KNDO နှင့် Federal Wings တို့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဝေါလေဗျူဟာကုန်းရှိ စစ်ကောင်စီ၏ ၁၂၂ ဟောင်ဝစ်ဇာအမြှောက် ပျက်စီး

မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဝေါလေဗျူဟာကုန်းကို ယမန်နေ့ ဧပြီလ ၃ ရက် နေ့ညတွင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့-KNDO တပ်ရင်း (၈)နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်၏ (၁၂၂ မမ) ဟောင်ဝစ်ဇာအမြှောက်နှင့် ရိက္ခာဂိုဒေါင်ရုံးထိခိုက် မီးလောင်ပျက်စီးသွားခဲ့ကြောင်း KNDO က ပြောသည်။

ယမန်နေ့ ည ၉ နာရီမှ ၁၁ နာရီဝန်းကျင်အချိန်တွင် အဆိုပါ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအတွက် အရေးပါသော အတွဲလိုက်ပစ်၍ရသည့် ၎င်း(၁၂၂ မမ) ဟောင်ဝစ်ဇာအမြှောက်နှင့် ရိက္ခာဂိုဒေါင်ရုံတို့ မီးလောင်ပျက်စီးသွားသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း KNDO တပ်ရင်း(၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအယ်မြထူးက ယခုလိုပြောသည်။

၎င်းက “ ကျနော်တို့ ဝေါလေဗျူဟာကုန်းကို ဗုံးသွားချတာ သူတို့ရဲ့ ဟောင်ဝစ်ဇာမြှောက် မီးလောင် ပျက်စီးသွားတယ်။ သူတို့အတွက် အရမ်းအရေးပါတဲ့ဟာပဲ အဲ့ဒီဟာက။ ပြီးတော့ သူတို့ရဲ့ ရိက္ခာဂိုဒေါင်ရုံလည်း အကုန်မီးလောင်ကုန်တယ်။ အဲ့ဒါကြောင့် အခုထိ ကျနော်တို့ကို မပစ်တော့တာ။ လူထိခိုက်မှုတော့ အတည်မပြုနိုင်သေးဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ဝေါလေ ဗျူဟာကုန်းတွင် စစ်ကောင်စီ အမှတ် (၁၃)  စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် လက် အောက်ခံ အမှတ် (၂) နည်းဗျူဟာ တပ်ဖွဲ့ဝင်များ အထိုင်ချပြီး ၎င်းလက်နက်ကြီးအမြှောက်ဖြင့် ယခင်က ကျေးရွာများထဲသို့ ပုံမှန်ပစ်ခတ်လေ့ရှိကြောင်း၊ လက်ရှိတွင် လက်နက်ကြီး ထိခိုက်ပျက်စီးသွားပြီဖြစ်၍ ပစ်ခတ်မှုမရှိတော့ကြောင်းလည်း ဒုဗိုလ်မှူးကြီး စောအယ်မြထူးက ဆက်ပြောသည်။

ဗိုလ်မှူးကြီး ဇော်လင်းထွန်း ဦးစီးကွပ်ကဲသည့် အဆိုပါ ဗျူဟာကုန်းတိုက်ခိုက်ခံရမှုအပြီး ၎င်းအနေဖြင့် မြဝတီသို့ ယနေ့ နံနက်တွင် ပြန်သွားရကြောင်း KNDO ဘက်မှ သတင်းရရှိခဲ့ပြီး မည်သည့်အတွက် ကြောင့် ပြန်သွားရသည်ကို မသိရှိရကြောင်းလည်း KNDOဘက်က ပြောသည်။  

ဝေါလေ ဗျူဟာကုန်း တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ သတင်း ထုတ်ပြန် ပြောဆိုခြင်းမရှိသေးကြောင်း တွေ့ရသည်။

လက်ရှိ အဆိုပါဒေသတွင် စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲကြီးငယ်များ မကြာခဏ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပိတ်ဆို့ တိုက်ခိုက်မှုများဖြင့် စစ်ရေးတင်းမာနေဆဲဖြစ်သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...