ရွာငံမြို့နယ် ပြည်သူပိုင် နေအိမ်များကို စစ်ကောင်စီ ဖောက်ထွင်းဝင်ရောက်၊ မီးရှို့ဖျက်ဆီး

ရွာငံမြို့နယ် ပြည်သူပိုင် နေအိမ်များကို စစ်ကောင်စီ ဖောက်ထွင်းဝင်ရောက်၊ မီးရှို့ဖျက်ဆီး

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို စစ်အင်အား အများအပြားဖြင့် စစ်ကောင်စီ တပ်ဖွဲ့က ဖောက်ထွင်း ဝင်ရောက်သည့်အပြင် တချို့အိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၅ ရက်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ တပ်ဖွဲ့သည် ရွာငံမြို့နယ်ရှိ အလယ်ချောင်ကျေးရွာ နှင့် ငှက်သောက်ရွာရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ပြီး တချို့အိမ်ကိုလည်း မီးရှို့ဖျက်ဆီးမှု ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလယ်ချောင်ကျေးရွာမှ နေအိမ်တစ်လုံးကို စစ်ကောင်စီ ဝင်ရောက်ပြီး အိမ်တွင်း မွေနှောက် ရှာဖွေပြီး ရွှေ ၊ ငွေ ပစ္စည်းများကို ယူသွားကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားတွေ ရွာထဲ ဝင်လာတဲ့ အချိန်က တချို့က ခြေကျင် နဲ့ တချို့ကလည်း ကား နဲ့ လာကြတာ၊ ဖောက်ထွင်း မွေနှောက်ခံရတဲ့ အိမ်က အိမ်ရှင်တွေ ယာခင်း အလုပ်ဆီ သွားနေတဲ့ အချိန်ဖြစ်တယ်၊ ရွှေဆွဲကြိုး ၂ ကုံး၊ ငွေသားက သိန်း ၃၀ ပြီးတော့ အိမ်ထဲက TV တွေကို ယူသွားတယ်တဲ့၊ မှန်ဘီဒိုကိုလည်း ရိုက်ခွဲသွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် အလယ်ချောင်ရွာမှ နေအိမ်ကို မွှေနှောက်ပြီး ပစ္စည်းများ ယူဆောင်သွားသည့်အပြင် ရွာသားများကိုလည်း ခြိမ်းခြောက်ပြောဆိုမှု ရှိခဲ့ကြောင်းလည်း သိရသည်။

“ကားပေါ်က စစ်သားတွေက ရွာသားတွေ ငြိမ်ငြိမ်နေကျဖို့ အော်ပြောသွားတယ်၊ မဟုတ်ရင် တွေ့တယ်နော် ဆိုပြီး သေနတ်ကို ထောင်ပြသွားတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ထို့အပြင် မတ်လ ၂၆ ရက်တွင်လည်း အင်အား ၃၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီ အုပ်စုသည် ငှက်သောက် ကျေးရွာသို့ ရောက်ရှိလာပြီး PDF ထောက်ပို့ဟု စွပ်စွဲကာ အိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လည်း သိရသည်။

“ရွာသားတစ်ယောက်ကို PDF ထောက်ပို့ လုပ်နေတယ်ဆိုပြီးတော့ အဲ့တစ်ယောက်ရဲ့ နေအိမ်ကို မီးရှို့ဖျက်စီးသွားတယ်၊ ပြီးတော့ရွာသားတွေကိုလည်း PDF သတင်းကြားတဲ့သူ ရှိလားဆိုပြီး မေးသွားတယ်၊ သူတို့က သေနတ် ၅ ချက်လောက်လည်း ပစ်သွားတယ်” ဟု ရွာခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီ တပ်ဖွဲ့၏ လုပ်ရပ်ကြောင့် ဒေသခံ ရွာသားများက စိုးရိမ်ကြောက်လန့်နေရပြီး တချို့သော ဒေသခံများက တခြားနေရာ ဒေသသို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေကြောင်းလည်း သိရသည်။

အလယ်ချောင်ရွာ၊ ငှက်သောက်ရွာ တို့အပြင် နဘန်းကြီး ကျေးရွာ နှင့် လယ်ကိုင်းရွာတို့မှာလည်း စစ်ကောင်စီ၏ စစ်ကြောင်းထိုး ဝင်ရောက်မှု ရှိနေကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ တပ်သားတို့က ရွာငံမြို့ အဝင်အထွက်များကို တင်းကြပ်ပြီး စစ်ဆေးမေးမြန်းမှုများလည်း ကြမ်းတမ်းနေကြောင်း ဒေသခံများက ပြောသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ စစ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံ အဖွဲ့အစည်းများ က မီးရှို့ဖျက်ဆီးမှုကြောင့် သျှမ်းပြည်မှ အရပ်သားပြည်သူ နေအိမ်ပေါင်း ၁၃၅ အိမ် ရှိနေပြီး ရွာငံမှ ၁၈ အိမ် ရှိနေကြောင်း Data for Myanmar က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...
September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...
မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...