ပင်လောင်းဒေသခံများသတ်ဖြတ်ခံရမှု ကရင်နီပြည်သူများနှင့် သွေးခွဲလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ပအိုဝ်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ပြော

ပင်လောင်းဒေသခံများသတ်ဖြတ်ခံရမှု ကရင်နီပြည်သူများနှင့် သွေးခွဲလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ပအိုဝ်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ပြော

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ်းနိန်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ပြီးခဲ့သည့် မတ်လ(၁၁) ရက် နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်က ဘုန်းကြီးနှင့် ပအိုဝ်းတိုင်းရင်းသားဒေသခံများကို သတ်ဖြတ်ခဲ့ခြင်းသည် ကရင်နီပြည်သူများနှင့် သွေးခွဲလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်)အဖွဲ့က ပြောသည်။

အဆိုပါ လုပ်ရပ်သည် ပအိုဝ်းတိုင်းရင်းသားပြည်သူများနှင့် ကရင်နီပြည်သူများအကြား လူမျိုးရေး ပဋိပက္ခ ဖြစ်အောင်လုပ် ဆောင်ခြင်းဖြစ်သလို ဘုန်းကြီးနှင့် ပအိုဝ်းတိုင်းရင်းသားဒေသခံများကို သတ်ဖြတ်ခြင်းသည်  ကရင်နီကာကွယ်ရေး တပ်များ၏ လုပ်ရပ်အဖြစ် ပုံဖော်ဖန်တီးကာ ပအိုဝ်းတိုင်းရင်းသားပြည်သူများကို စစ်ကောင်စီ တပ်ဘက်သို့ ပါလာအောင် ပြုလုပ်ခြင်းသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“စစ်ကောင်စီကတော့ ကရင်နီနဲ့ပအိုဝ်းကြားမှာ သွေးခွဲသပ်လျှိုမှုမျိုးလုပ်တာပဲ။  သူ့အနေနဲ့ အစတည်းကတော့ ဒီလိုမျိုးလုပ်လာတယ်ဆိုတော့ ကရင်နီနဲ့ပအိုဝ်းကြားပဋိပက္ခ လူမျိုးရေးပဋိပက္ခဖြစ်အောင် ပြီးတော့ပအိုဝ်း တွေကြားမှာလည်း သူတို့အနေနဲ့ သူတို့ဘက်ပါလာအောင် အဲ့လိုမျိုးလုပ်နိုင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

နမ်းနိန်းကျေးရွာရှိ ဒေသခံလူထု သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၃ ပါး အပါအဝင် ဒေသခံ အမျိုးသမီးတစ်ဦး၊ အမျိုးသား ၁၈ ဦး စုစုပေါင်း ၂၂ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ဒေသတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ထိုပအိုဝ်းတိုင်းရင်းသားလူမျိုးများကို သတ်ဖြတ်ခြင်းသည် ကရင်နီဒေသနယ်မြေခံ လက်နက်ကိုင်တပ်များ ၏ လုပ်ရပ်သာဖြစ်ကြောင်း စစ်ကောင်စီ လော်ဘီလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာသည့် သတင်းအတုသတင်းအမှားများကို သတိထားယုံကြည်ကြရန် လိုအပ်ကြောင်းလည်း ပအိုဝ်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့(ခမ်းကောင်)တာဝန်ရှိသူက ဆက်ပြောသည်။

“သူတို့အနေနဲ့အဲလိုမျိုးလုပ်တော့ ဒီသတင်းအမှားတွေပေါ့။ အဲ့တာတွေကို ကျနော်တို့က ထုတ်ပြန်ကြေငြာ ချက်မှာသက်သေအထောက်အထား ခိုင်လုံစွာနဲ့ တင်ထားတယ်။ တင်ထားတဲ့အတွက် သတင်းအမှန် တွေကိုပဲ သေချာစွာစိစစ်ပြီးမှ ယုံစေချင်တယ်။ ပြီးတော့လိုင်းပေါ်မှာလွှင့်နေတဲ့ သတင်းအမှားတွေကိုလည်း သတိထား စေချင်တယ်ပေါ့”ဟု ဆိုသည်။

ထို့အတူ ပအိုဝ်းတိုင်းရင်းသားပြည်သူများနှင့်ဘုန်းကြီးများကို သတ်ဖြတ်ခြင်းသည် စစ်ကောင်စီတပ်က သတ်ဖြတ် ခြင်းသာဖြစ်ကြောင်း ဘုန်းကြီးကျောင်းဝင်းထဲရှိ စစ်ကောင်စီတပ်၏ ကျည်အခွံများနှင့် အသုံး အဆောင် ပစ္စည်းများကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (Karenni Nationalities Defense Force) နှင့် ပအိုဝ်းတိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်) PNDF-KK က ၎င်းတို့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားသည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...