ရခိုင်က အဏ္ဏဝါအမျိုးသားဥယျာဉ်တွင် တရားမဝင် သဲစုပ်ယူတူးဖော်နေမှုများကို တားဆီးရန်လိုအပ်နေ

ရခိုင်က အဏ္ဏဝါအမျိုးသားဥယျာဉ်တွင် တရားမဝင် သဲစုပ်ယူတူးဖော်နေမှုများကို တားဆီးရန်လိုအပ်နေ
DMG ဓာတ်ပုံ - CJ
DMG ဓာတ်ပုံ - CJ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခံထားရသော နံ့သာကျွန်းတွင် သင်္ဘောကြီးများဖြင့် တရားမဝင် သဲစုပ်ယူတူးဖော်နေမှုများ နေ့စဉ်ရက်ဆက်ရှိနေသောကြောင့်  ကျွန်းမပျောက်ကွယ်ရေးအတွက် အချိန်မီတားဆီးရန် လိုအပ်နေသည်။

တစ်နေ့မှာ သင်္ဘောကြီး ၂ စီးအပါအဝင် စက်လှေ ၁၀ စီးခန့်လာရောက်ပြီး နံ့သာကျွန်းမှ သဲစုပ်ယူတူးဖော်မှုများ ရှိနေသည်။ လက်ရှိမှာ မြစ်ကမ်းပါးလည်း တဖြည်းဖြည်းနှင့်ပြိုကျလာနေပြီး ကျွန်းပျောက်ကွယ်သွားမည်ကို စိုးရိမ်ရသဖြင့် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် တားမြစ်ပေးစေချင်ကြောင်း ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဦးရန်နောင်စိုးက ပြောသည်။

“သဲတူးဖော်နေတာကို ကျနော်တို့အနေနဲ့လည်း တားလို့မရဘူး။ အာဏာပိုင်အဖွဲ့အစည်းတွေတားမြစ်မှပဲ အဆင်ပြေတော့မယ့်အနေထားရှိတယ်။ ကျွန်းကတော့ တစ်ရက်ထက်တစ်ရက် ပိုပြီးတော့ပြိုလာတယ်။ ဒီကျွန်းဟာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးတာရှိသလို၊ လူတွေရဲ့ ဖျက်ဆီးမှုတွေကြောင့်လည်း ပျက်စီးနေတာဆိုတော့ နောက်ထပ် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပျောက်သွားမလားစိုးရိမ်နေပါတယ်”ဟု ဦးရန်နောင်စိုးက ပြောသည်။

အဏ္ဏဝါအမျိုးသားဥယျာဉ်နယ်မြေအတွင်းမှ သဲစုပ်ယူတူးဖော်နေမှုမှာ ယခုနှစ်မှမဟုတ်ဘဲ ပွင့်လင်းရာသီရောက်တိုင်း သင်္ဘောကြီးများနှင့်တူးဖော်နေသည်မှာ ၄ နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာရေဝပ်ဒေသထိန်းရေးနယ်မြေအဖြစ် သတ်မှတ်ခံထားရသည့် နံ့သာကျွန်းကို စနစ်တကျနှင့် ပြုပြင်ထိန်းသိမ်းရမည့်အစား ပျက်စီးစေမည့်လုပ်ရပ်တို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“ကျွန်းပျောက်သွားရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးခံရနိုင်ပါတယ်။ ကျနော်တို့ရွာကော တခြား ပလ္လင်ပြင်၊ အငူမော် အဲဒီရွာတွေကိုလည်း ရေလှိုင်းလုံးက တိုက်ရိုက်ဝင်လာမယ်။ နံ့သာကျွန်းတစ်ခု ကြားမှာရှိနေတော့ လှိုင်းတိုက်ရိုက်မရောက်ဘူးလေ။ ဒီကျွန်းကိုမပျက်စီးရအောင် အကုန်လုံးက ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။ တန်ဖိုးရှိတဲ့ကျွန်းတစ်ကျွန်းလည်း ဖြစ်တယ်”ဟု စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

အဏ္ဏဝါအမျိုးသားဥယျာဉ်နယ်မြေအတွင်း သဲစုပ်ယူနေမှုများကို ဆက်လက်မပြုလုပ်ရန်အတွက် ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက အသိပညာပေးမှုများ လုပ်ဆောင်နေသော်လည်း ထိရောက်မှုမရှိပေ။ ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံသို့ အသိပေးထားသော်လည်း တုန့်ပြန်မှုတစ်စုံတစ်ရာ မရှိသေးကြောင်းအသင်း ဥက္ကဌ ဦးရန်နောင်စိုးကပြောသည်။

“ဒါတွေအကုန်လုံးကို တားဆီးနိုင်ဖို့က ဒေသအာဏာပိုင်တွေ အဖွဲ့အစည်းတွေကပဲ ထိထိရောက်ရောက် တားဆီးနိုင်မယ်။ အစိုးရဌာနတွေကိုလည်း အသိပေးတယ်။ တခြားအဖွဲ့အစည်းတွေကိုလည်း အကြံပေးတာတွေ ရှိတယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာတစ်ခုမှ တုန့်ပြန်တာမရှိသေးဘူး”ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်စစ်ကောင်စီအဖွဲ့မှ ပြည်နယ်သယံဇာတဝန်ကြီး ဦးသန်းထွန်းကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။

စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ကြားတွင်ရှိသည့် နံ့သာကျွန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ လန်ပိကျွန်းကို ပထမဆုံးသတ်မှတ်ခဲ့ပြီး နံ့သာကျွန်းသည် ဒုတိယမြောက် သတ်မှတ်ခံထားရခြင်းဖြစ်သည်။

နံ့သာကျွန်းရှိ အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စည်းစနစ်တကျ ပြုပြင်ထိန်းသိမ်းမည်ဆိုပါက သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ရခိုင်ပြည်ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...