အထက်မြတ်လှဲစစ်ရှောင်စခန်းတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် လူဦးရေထက်ဝက်နီးပါး နာမကျန်းဖြစ်နေ

အထက်မြတ်လှဲစစ်ရှောင်စခန်းတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် လူဦးရေထက်ဝက်နီးပါး နာမကျန်းဖြစ်နေ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် စခန်းတွင်းလူဦးရေထက်ဝက်နီးပါးမှာ နာမကျန်းရောဂါဖြစ်ပွားနေ‌ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

စစ်ဘေးရှောင်များမှာ မိုးရာသီနှင့် ဆောင်းရာသီ ကာလများတွင် သောက်သုံးရေအတွက် မြတ်လှဲကျေးရွာရှိ ရေကန်ကို အသုံးပြုကြသော်လည်း လက်ရှိတွင် ထိုရေကန်၌ ရေခမ်းခြောက်လာပြီဖြစ်၍ ကျေးရွာသားများက အသုံးခွင့်မပြုတော့ကြောင်း ဆိုသည်။

ထိုကြောင့် လက်ရှိမှာ စခန်းအနီးရှိချောင်းရေကို အသုံးပြုနေကြရပြီး ရေမသန့်ရှင်းသည့်အတွက် ဝမ်းပျက်၊ ဝမ်းလျှော့၊ ချောင်းဆို၊ ဖျားနာနှင့် အရေပြားရောဂါ တို့ဖြစ်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

“ချောင်းမှာက အညစ်အကြေး အမှိုက်တွေကို အကုန်လုံးကို ပစ်ကြတယ်။ အဲဒီရေကို ကျမတို့ အသုံးပြုကြတဲ့အခါ ယားနာတွေ၊ အနီရောင်အစက်တွေ ခန္ဓာကိုယ်တွေမှာ ပေါ်လာတယ်။ ဝမ်းရောဂါတွေ ဖြစ်ကြသလို၊ ချောင်းဆိုးတာ၊ ဖျားနာတာတွေလည်း ဖြစ်နေကြပါတယ်”ဟု စစ်ဘေးရှောင် ဒေါ်ခိုင်သန်းအေးက ပြောသည်။

အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၆၀၀ ကျော်ရှိသည်။ ကျောက်တော်နှင့်ပုဏ္ဏားကျွန်းမြို့နယ်မှ သိမ်းချောင်း၊ ခမောင်း၊ ကင်ပိ၊ တဲဝ စသည့် ကျေးရွာပေါင်း ၁၀ ကျော်ကဒေသခံများမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်စ၍ လာရောက်ခိုလှုံနေကြခြင်းဖြစ်ကာ လက်ရှိတွင် ၄ နှစ်နီးပါးကြာမြင့်ခဲ့ပြီလည်းဖြစ်သည်။

သောက်သုံးရေမသန့်ရှင်းမှုကြောင့် အသက် ၈ နှစ်အောက်ကလေးနှင့် သက်ကြီးပိုင်းအရွယ်တို့မှာ နာမကျန်းဖြစ်နေကြပြီး ကလေးငယ်များမှာ ဝမ်းရောဂါနှင့် အရေပြားရောဂါ အများဆုံးဖြစ်ပွားနေကြောင်း သိရသည်။

“ဝမ်းရောဂါဖြစ်တဲ့အတွက် ဆေးရုံသွားပြရတဲ့သူ သုံးလေးယောက်ရှိပါတယ်။ အဓိကတော့ ချောင်းရေကို အသုံးပြုလို့ဖြစ်တာ။ ပြီးရင် သောက်သုံးရေကိုလည်း ကြိုချက်ပြီး မသောက်သုံးတာကြောင့်လည်းပါတယ်”ဟု စစ်ရှောင်တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဝင်းက ပြောသည်။

စစ်ဘေးရှောင်များမှာ ချောင်းရေကို သုံးရေအဖြစ် အသုံးပြုကြပြီး သောက်ရေအတွက် စခန်းမှ မိနစ် ၃၀ ခန့်သွားရသည့် ကဏန်းတောင်ဘူတာရုံအနီးရေကန်မှ ခပ်ယူသုံးစွဲနေကြရသည်။ ထိုရေကန်မှာလည်း ရေခမ်းခြောက်နေပြီဖြစ်သဖြင့် လာမည့် မတ်လအထိသာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“ကန်ရေသုံးရတာက ပိုကောင်းတာပေါ့။ အခုက မတတ်သာလို့သာ ချောင်းရေသုံးနေရတာ။ ရေဖူဖူလုံလုံလေးရချင်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့လည်း ကျမတို့ကိုကူညီပေးစေချင်ပါတယ်။ ကလေးတွေဆိုရင် ယားနာတွေ အများကြီး ပေါက်နေကြပါတယ်”ဟု စစ်ဘေးရှောင် ဒေါ်မလှက ပြောသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်ဘဝဖြင့် နေထိုင်နေကြသူများမှာ ၄ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း နေရပ်မပြန်နိုင်သေးဘဲ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အခက်အခဲများအပြင် နွေရာသီရောက်လျှင် ရေရှားပါးမှုပြဿနာကိုပါ ရင်ဆိုင်နေကြရသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...