ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီက ငွေကျပ် ၅ သိန်းပေးကာ နေရပ်ပြန်ခိုင်းသည့် အတွက် ယမန်နေ့ (ဖေဖော်ဝါရီ ၂၃) ရက်နေ့ က စစ်ဘေးရှောင် ၂၀၀၀ ကျော် နေရပ်ပြန်ခဲ့ ကြောင်း ကာယကံရှင်များထံမှ သိရသည်။
ဒေသတည်ငြိမ်အေးချမ်းနေသည်ဟုဆိုကာ စစ်ကောင်စီတာဝန်ရှိသူတို့ အိမ်ထောင်စုတစ်စုကို ငွေ ကျပ် ၅ သိန်း စားနပ်ရိက္ခာ တစ်လစာထောက်ပံ့ပြီး နေရပ်ပြန်ခိုင်းခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် နရမ်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူ ဖားပြိုကျေးရွာမှ မဇင်မာနွယ် က DMG သို့ပြောသည်။
“အိမ်ထောင်စုတစ်စုကို ငွေ ၅ သိန်းနဲ့ စားနပ်ရိက္ခာ ၁ လစာ ထောက်ပံ့ပြီးတော့ နေရပ်ပြန်ခိုင်းတဲ့အတွက် ပြန် လာရတာ။ သူတို့က စစ်ဘေးရှောင်တွေကို စခန်းမှာမထားတော့ဘူး။ အကုန်လုံးနေရပ်ပြန်ရမယ်ဆိုပြီးတော့ ပြောတာရှိတယ်။ အဲဒါကြောင့် ပြန်လာတာပါ”ဟု ဆိုသည်။
ယမန်နေ့က မြန်မာစစ်တပ်အပါအဝင် ထွေအုပ်၊ ဘေးစီမံစသည့် ဌာန တာဝန်ရှိသူများသည် စစ်ဘေးရှောင်များကို မင်းပြားမြို့ ရာမောင်ခန်းမသို့ခေါ်ပြီး နေရပ်ပြန်လိုသူများကို ပြန်ခိုင်းခြင်းဖြစ်သည်။
သို့သော် တချို့စစ်ဘေးရှောင်များမှာ ကျေးရွာနှင့် အနီးတဝိုက်တွင် မိုင်းရှင်းလင်းများပြုလုပ်ခြင်းမရှိသည့်အတွက် အသက်အန္တရာယ်စိုးရိမ်ရသဖြင့် မပြန်ရဲသူများလည်းရှိ ကြောင်းသိရသည်။
“သူတို့က နေရပ်ပြန်ဖို့ခိုင်းပေးမယ့် ကျမတို့က မပြန်နိုင်သေးဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့က ရွာတွေမှာ မိုင်းရှင်းပေးတာလည်းမရှိသေးဘူး။ နောက်ပြီးတော့ ငွေ ၅ သိန်းနဲ့ ဘာလုပ်လို့ရမှာလဲ။ ကျမတို့ပြန်မယ်ဆိုရင် မိုင်းတွေကို ရှင်းပေးရမယ်။ နောက်ပြီးတော့ တိုက်ပွဲပြန်မဖြစ်နိုင်ဘူးလို့ မပြောနိုင်သေးဘူးလေ”ဟု မင်းပြားမြို့နယ် သလူချောင်းကျေးရွာမှ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် မင်းပြားမြို့နယ်တွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်းမှ ရခိုင်ပြည်အစိုးရအဖွဲ့ ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၅၈၈ စု(လူဦးရေ ၂၃၄၃)အတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၉၄၀ ကို ထောက်ပံ့ခဲ့ကြောင်း ဆိုသည်။
ယင်းအပြင် မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးက ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် နေရပ်ပြန် ပြောင်းရွှေ့စရိတ် အိမ်ထောင်စုတစုလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၅၈၈ စုအတွက် ထောက်ပံ့ပေးသည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြထားသည်။
ထိုနည်းအတူ မြို့နယ်အုပ်ချုပ်ရေးမှူးက ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် လူတစ်ဦးကို တစ်ရက်လျှင် ဆန်ရိက္ခာ ၂ ဗူးစီဖြင့် တလရိက္ခာဆန်ဖိုး ငွေကျပ် ၂၁၀၈၇၀၀၀ ကိုလည်းကောင်း၊ မြောက်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးအရာရှိက လူသုံးကုန်ပစ္စည်း ၁၇ မျိုးကို ထောက်ပံ့ခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ စစ်ဘေးရှောင်များ အိမ်ပြန်ကြရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ကောင်စီဝန်ကြီးများဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့အဖွဲ့သည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များမှ စစ်ဘေးရှောင်စခန်းများကို သွားရောက်ကာ ဖိအားပေးမှုများရှိခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်သို့ပြန်ပို့ပေးခဲ့ပြီး ယင်းစစ်ဘေးရှောင်များမှာ လက်ရှိနေရပ်တွင် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲကြောင့် သြဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ ၁၆,၀၀၀ ရှိလာပြီး ယခင်တိုက်ပွဲကာလက နေရပ်မပြန်နိုင်သေးသည့် လူဦးရေနှင့်ပေါင်းလျှင် ၉၀,၀၀၀ ကျော်အထိ ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း စစ်ကောင်စီစာရင်းများတွင် ရခိုင်ပြည်အတွင်း နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ၆၀၀၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။







