မြန်မာပြည် ငြိမ်းချမ်းရေးအတွက် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို တရုတ်ကိုယ်စားလှယ် တိုက်တွန်း

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို တရုတ်ကိုယ်စားလှယ် တိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း(Deng Xijun)မှာ ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ပိုင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(မိုင်းလား) (NDAA) ဌာနချုပ်များရှိရာသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် မစ္စတာတိန့်ရှီကျွန်းက မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်ပြီး တိုက်တွန်းပြောဆိုခဲ့သည်ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက DMG သို့ပြောသည်။ သို့သော် ဆွေးနွေးမှုအသေးစိတ်ကို ပြောဆိုခြင်း မရှိသေးပေ။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများကို ပြည်တွင်းလက်နက်ကိုင်အဖွဲ့ အချင်းချင်းသာ ဖြေရှင်းစေလိုသည့်အတွက် မြောက်ပိုင်းအဖွဲ့များနှင့် ဆွေးနွေးသော်လည်း လက်ရှိအခြေအနေအရ ငြိမ်းချမ်းရေးမှာ အချိန်တိုအတွင်း မဖြစ်နိုင်သေးကြောင်း မြန်မာ့နိုင်ငံရေး အကဲခတ်များက မှတ်ချက်ပေးသည်။

“သူတို့လည်း သိပါတယ်။ ဒီပြဿနာတွေက အချိန်တိုအတွင်း မရနိုင်ဘူးဆိုတာသိတယ်။ လက်နက်နဲ့မဖြေရှင်းဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ သူက အဓိကတိုက်တွန်းတာပေါ့” ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဉီးရဲထွန်းက DMG ကို ပြောသည်။

မြောက်ပိုင်း ၃ ဖွဲ့နှင့် တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံခြင်းမှာ အမေရိက်နတွင် NUG နိုင်ငံခြားရေးဝန်ကြီးရုံးခန်း ဖွင့်သည့်ကိစ္စနှင့် ဆက်စပ်မှုများရှိနိုင်ကြောင်းလည်း ဦးရဲထွန်းက သုံးသပ်သည်။

“တရုတ်ရဲ့ ပေါ်လစီသဘောထားကတော့ မြန်မာမှာဖြစ်နေတဲ့ကိစ္စကို ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ အချင်းချင်း ညှိနှိုင်းဖြေရှင်းစေချင်တယ်။ နိုင်ငံခြားကနေပြီးတော့ လက်နက်နဲ့ဝင်ရောက်ပြီးတော့ အင်အားနဲ့ ဖြေရှင်းတာကိုတော့ သူက ကန့်ကွက်တယ်ဆိုပြီးတော့ အရင်ကလည်း ပြောထားတာရှိတယ်။ အခုက NUG က အမေရိကန်မှာ နိုင်ငံခြားရေးဝန်ကြီးရုံးဖွင့်ထားတယ်ဆိုတော့  သူ့အမြင်က အဲဒီအမေရိကန်က တွန်းပို့နေတယ် ဆိုပြီးတော့ ယူဆလို့ဖြစ်မယ်”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် တရုတ်၏ သြဇာမကင်းသည့် UWSA၊ KIO၊ NDAA ဌာနချုပ်သို့လာရောက်ကာ ငြိမ်းချမ်းရေးအတွက် တိုက်တွန်းခြင်းဖြစ်နိုင်ကြောင်းလည်း ဦးရဲထွန်းက သုံးသပ်ပြောဆိုသည်။

မစ္စတာ တိန့်ရှီကျွန်း(Deng Xijun)သည်  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း  မြောက်ပိုင်း EAOs ၇ ဖွဲ့ ဖြစ်သော ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) ခေါင်းဆောင်များနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံခဲ့သေးသည်။

May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...
May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...
May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...