နိုင်ငံတကာ မိခင်ဘာသာစကားနေ့ အထိမ်းအမှတ်အဖြစ် “အာရက္ခပြည်ရှိ လူမျိုးစု မိခင်ဘာသာစကား ဖလှယ်ပွဲ”ကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် စစ်တွေမြို့၌ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်အတွင်းနေထိုင်သည့် လူမျိုးစု ၉ စု၏ ဘာသာစကားကို ဖော်ထုတ်သည့်အနေဖြင့် စစ်တွေတက္ကသိုလ်မှ ကျောင်းသားများဦးဆောင်ကာ ယင်းသို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့က နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့ အထိမ်းအမှတ်ဖြစ်တယ်။ ပြီးလို့ရှိရင် ဒီပွဲရဲ့ ရည်ရွယ်ချက်ကတော့ ကျမတို့ အာရက္ခပြည်မှာနေထိုင်တဲ့ လူမျိုး ၉ စုရဲ့ အဓိက ဘာသာစကားကို ဒီပွဲမှာ ဖော်ထုတ်တဲ့အနေနဲ့ လုပ်တာဖြစ်တယ်။ နောင်တစ်ချိန်မှာလည်း လူမျိုးစုတွေမှာ ဒီလိုရိုးရာတွေရှိတယ်။ ဒီလို အလေ့အထားတွေ ရှိတယ်ဆိုတာကို သိရှိဖို့အတွက်လုပ်ရတာပါ”ဟု ကမန်လူငယ်ကိုယ်စားပြု တက်ရောက်ခဲ့သည့် မဆောင်းနှင်းဝေကပြောသည်။
ယနေ့ပြုလုပ်သည့် ဘာသာစကားဖလှယ်ပွဲကို ရခိုင်ပြည်အတွင်း နေထိုင်ကြသည့် ရခိုင်၊ ခမီ၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ဟိန္ဒူ၊ ကမန်နှင့် မွတ်ဆလင် စုစုပေါင်းလူဦးရေ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်အတွင်းနေထိုင်ကြသည့် လူမျိုးများအနေဖြင့် အမုန်းတရားမရှိဘဲ ချစ်ချစ်ခင်ခင်နေကြရန် နောင်လာမည့် မျိုးဆက်သစ်များကို တိုက်တွန်းလိုကြောင်း ယင်းပွဲသို့တက်ရောက်ခဲ့သည့် တက္ကသိုလ်ကျောင်းသား မွတ်ဆလင်လူမျိုး ကိုဇော်မင်းထွန်းကပြောသည်။
“ရခိုင်ပြည်မှာရှိတဲ့ လူမျိုးစုတွေအနေနဲ့ အားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးဖြစ်အောင် နေစေဖို့အတွက် တိုက်တွန်းလိုပါတယ်။ ဒီလိုနေထိုင်နိုင်ဖို့အတွက်လည်း လူငယ်တွေအပေါ်မှာ အများကြီးမူတည်တယ်။ အဲဒါကြောင့် ရခိုင်ပြည်မှာ နေထိုင်သူတွေအချင်းချင်း သဟဇာတဖြစ်စေမယ့် စကားတွေကို လူငယ်တွေက အများကြီးလုပ်သင့်တယ်လို့ ကျနော်အနေနဲ့ တိုက်တွန်းချင်တယ်”ဟု ၎င်းကဆိုသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးတိုက်ပွဲကို စတင်သန္ဓေတည်ခဲ့ရာ မိခင်ဘာသာစကားကို ရုံးသုံးဘာသာ စကားအဖြစ် အသုံးပြုခွင့်ရရေးအတွက် တိုက်ပွဲဝင်ခဲ့သော ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကို ကုလသမဂ္ဂလက်အောက်ခံ UNESCO မှ မိခင်ဘာသာစကားနေ့အဖြစ် ၁၉၉၉ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။







