တိုင်းရင်းမီဒီယာများတွင် အမျိုးသမီးပါဝင်မှု အားနည်းနေဆဲဟု မီဒီယာအသိုင်းအဝိုင်းပြော

တိုင်းရင်းမီဒီယာများတွင် အမျိုးသမီးပါဝင်မှု အားနည်းနေဆဲဟု မီဒီယာအသိုင်းအဝိုင်းပြော

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားသတင်းမီဒီယာဌာနများတွင် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍနှင့် သတင်းရေးသားဖော်ပြရာတွင် အမျိုးသမီးထုအသံ ပါဝင်မှုအပိုင်းမှာ လက်ရှိအချိန်ထိ အားနည်းနေဆဲဖြစ်ကြောင်း မီဒီယာအသိုင်းအဝိုင်းနှင့် အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အမျိုးသမီးများနှင့်ပတ်သက်၍ “တိုင်းရင်းမီဒီယာနှင့် အမျိုးသမီးများ၏ အသံ” ခေါင်းစဉ်ဖြင့် နိုင်ငံတကာ မြန်မာသတင်း(BNI)မှ ဦးဆောင်ပြီး Online ဆွေးနွေးပွဲ စကားဝိုင်းတစ်ခု ပြုလုပ်ခဲ့သည်။

အမျိုးသမီးများသည် သတင်းမီဒီယာများနှင့် ဆက်စပ်မှုမရှိသင့် ဟုဆိုသည့် ရှေးရိုးစွဲအယူအဆများကြောင့် ယနေ့တိုင် သတင်းမီဒီယာများတွင် ပါဝင်မှုအားနည်းခြင်းဖြစ်ကြောင်း ထိုနွေဆွေးပွဲသို့ တက်ရောက်ခဲ့သည့် Kayin Information Center(KIC) သတင်းဌာနမှ အယ်ဒီတာချုပ် နန်းဖော့ဂေ ကပြောသည်။

“မီဒီယာလုပ်ငန်းဟာ အမျိုးသမီးတွေနဲ့ အများကြီး မဆက်စပ်ဘူးဆိုပြီး မိသားစု၊ လူမှုအသိုင်းဝိုင်းတွေက အမြင်မပွင့်သေးတဲ့ အနေထားရှိနေတော့ အမျိုးသမီးတွေ ပါဝင်ခွင့် မရကြဘူး။  အလုပ်တစ်ခု ဝင်မယ်ဆိုရင် သင့်တော်တယ်၊ မသင့်တော် စတဲ့ ရှေးရိုးစွဲအမြင်တွေနဲ့ ဆက်စပ်တွေးခေါ်ကြတဲ့အခါမှာ အမျိုးသမီးတွေ မပါဝင်နိုင်ကြဘူး ဖြစ်နေတယ်”ဟု နန်းဖော့ဂေကဆိုသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသတင်းမီဒီယာ များစွာပေါ်ပေါက်လာမှုအပေါ်မှာ ကြိုဆိုသော်လည်း တိုင်းရင်းသားဒေသများတွင် ဖြစ်ပျက်နေသော အမျိုးသမီးများ၏ အခက်အခဲ၊ ဖိနှိပ်ခံရမှုများကို မီဒီယာပေါ်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုရာတွင် အမျိုးသမီးအသံပါဝင်မှု လိုအပ်နေသေးကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ထောက်ပြပြေဆိုကြသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဇူးပဒုမ္မာ က သတင်းမီဒီယာများတွင် အမျိုးသမီးအမြင်ရှုထောင့်နှင့်ချဉ်းကပ်ပြီး သတင်းများ ဖော်ထုတ်ရေးသားမှုမှာ အားရကျေနပ်သည့်အနေအထား မရောက်သေးကြောင်း ဆိုသည်။

“အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ issue တွေဆိုရင် အမျိုးသမီးတွေ အများကြီး ပြောဖို့လိုအပ်သလို၊ နေ့တဓူဝ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အကျပ်အတည်း၊ ကမ္ဘာ့ရေးရာ အခြေနေတွေကို အမျိုးသမီးတွေရဲ့ အမြင်ရှု့ထောင်တွေနဲ့လည်း အများကြီး ရေးဖို့ လိုအပ်ပါသေးတယ်။ တိုင်းရင်းသားဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့အသံကို မီဒီယာပလက်ဖောင်းတွေက အများကြီး ဖော်ဆောင်ဖို့ လိုပါတယ်”ဟု ၎င်းကပြောသည်။

သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အမျိုးသမီးအခန်းကဏ္ဍနှင့် ပတ်သက်၍ သတင်းရေးသားဖော်ပြမှု၊ အမျိုးသမီးတို့အသံ ထုတ်ဖော်မှုအပိုင်းမှာ အနည်းငယ် အားကောင်းလာကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

ယခုနောက်ပိုင်း တိုင်းရင်းသတင်းမီဒီယာများတွင် အမျိုးသမီးပါဝင်မှုကို ၃၀ ရာခိုင်နှုန်းအထိ ထည့်သွင်းစဉ်းစားရန် မူဝါဒများချမှတ်လာသည်ကို တွေ့ရပြီး အမျိုးသမီးများကိုယ်တိုင်ကလည်း ကဏ္ဍတိုင်းတွင် ပါဝင်နိုင်ရန်ကြိုးစားသင့်သည်ဟု  ဆွေးနွေးပွဲတွင်ပါဝင်သည့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာချုပ် စိုင်းမိဏ်းကပြောသည်။

“အမျိုးသမီးတွေကို ဦးစားပေးရမဲ့ဟာကို policy မချထားလို့ရှိရင် အမျိုးသမီးတွေက ဖိနှိပ်ခံနေဆဲ ဖြစ်မယ်။ အခုနောက်ပိုင်းမှာဆိုရင် အမျိုးသားထက် အမျိုးသမီးတွေကို ပိုပြီးတော့ ဦးစားပေးရမယ်ဆိုပြီးတော့ စဉ်းစားလာတယ်။ အဲဒါကြောင့်မို့လို့ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါဝင်လာရမယ်ဆိုတဲ့ မူဝါဒတွေ မလွဲမသွယ် ထည့်လာကြရတာဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အမူအရာအားဖြင့်ဖြစ်စေ နှိမ့်ချခံရမှုတို့ကို ယနေ့တိုင် ကြုံတွေ့နေရဆဲဖြစ်သည်။

ထိုအခြေအနေများကို ကျော်လွှားနိုင်ရန်အတွက်လည်း နိုင်ငံရေး၊ စီးပွားရေး၊ တက်ကြွလှုပ်ရှားမှု စသည့် နယ်ပယ်အသီးသီးတွင် အမျိုးသမီးပါဝင်မှု လိုအပ်နေသေးပြီး၊ အမျိုးသမီးများမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် လုပ်ငန်းနေရာမျိုးများတွင်လည်း ရှိသင့်ကြောင်း ပြောဆိုမှုများရှိနေသည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...