ဌာနေကရင်လူမျိုးတို့၏ ဒေါင်ဒင်(နွတ်ဒိုင်)အင်း စုပေါင်းငါးဖမ်းပွဲတော် လူထောင်ချီလာရောက်ဆင်နွှဲ

ဌာနေကရင်လူမျိုးတို့၏ ဒေါင်ဒင်(နွတ်ဒိုင်)အင်း စုပေါင်းငါးဖမ်းပွဲတော် လူထောင်ချီလာရောက်ဆင်နွှဲ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရေပူကော့စပ်ရွာအနီးရှိ ဒေါင်ဒင်(နွတ်ဒိုင်)အင်းတွင် နှစ်စဉ် အစဉ် အလာမပျက် ကျင်းပသည့် ဌာနေ ကရင်လူမျိုးတို့၏ စုပေါင်းငါးဖမ်းပွဲတော်ကို ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ဒေသအသီးသီးမှ လူထောင်ချီလာရောက်ဆင်နွှဲခဲ့ကြသည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

ရေပူကော့စပ်၊ ငပုအင်း၊ ကျုံကွယ်ကျေးရွာစုရှိ ကျေးရွာအသီးသီးမှ နှစ်စဉ်အလှည့်ကျ တာဝန်ယူ ကျင်းပကြပြီး ဌာနေလူထုတို့၏ စုပေါင်းလုပ်ဆောင်မှုဓလေ့နှင့် ဒေသအသီးသီးမှ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေရန် ယခင်ရှေးဘိုးဘွားအစဉ်အဆက်က ကျင်းပလာခဲ့ကြသည်ဟု ကျုံကွယ်ရွာ အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ပြောသည်။

၎င်းက “ ဒီနှစ်က နိုင်ငံရေးအခြေအနေကြောင့် နယ်ဝေးကလူတွေ သိပ်မလာကြတော့ဘူး။ ကျေးရွာအသီးသီးက မိသားစုအလိုက်လာကြတယ်။ အချို့က အလည်လာကြည့်ကြတာပေါ့နော်။ ငါးကတော့ နှစ်တိုင်းများတယ်။ ဒီနှစ်လည်း လူထောင်ကျော် လာကြတယ်။ ချစ်ကြည်ရင်းနှီးမှုနဲ့  ကရင်လူမျိုးတွေရဲ့ စုပေါင်းလုပ်ဆောင်မှုဓလေ့ကို ထိန်းသိမ်းတဲ့အနေနဲ့ နှစ်တိုင်း ကျင်ပကြတယ်” ဟု ပြောသည်။

အဆိုပါငါးဖမ်းပွဲတော်တွင် ကရင်ရိုးရာဒုံးအက သီချင်းများဖြင့် လာရောက်ဖျော်ဖြေကြလျက်ရှိပြီး ဒေါင်ဒင်အင်ကြီး၏ တည်ရှိခဲ့သည့်သမိုင်းအကြောင်းအရာများနှင့် ဒေသဓလေ့ယုံကြည်မှုအရ အင်းစောင့်          နတ်နန်းတော်ပုံသဏ္ဍာန်ပြုလုပ်ထားကာ ပူဇော်ပသမှုများလည်း ထည့်သွင်းပြုလုပ်သွားသည်ဟု ရွာသားများထံမှ သိရသည်။

“ ပိုက်၊ ကွန်၊ ရေခွင် ရိုးရာငါးဖမ်းကိရိယာအမျိုးမျိုးအပေါ်မှာ အလှည့်ကျရွာကနေ ကျေးရွာဖွံ့ဖြိုး ရေးအတွက် ရံပုံငွေယူတယ်ပေါ့နော်။ သုံးထောင်၊ လေးထောင် အမျိုးမျိုးသတ်မှတ်ထားတာပေါ့နော်။  ငါးကများတော့ လာသမျှရကြတယ်။ ရတဲ့ငါးတွေ ကမ်းပေါ်မှာပဲ ချက်ပြုတ်စားသောက်ကြတယ်။ နယ်စုံက လူတွေလာရောက်ကြတော့ ပျော်တယ်ပေါ့နော်” ဟု လာရောက်ငါးဖမ်းသူတစ်ဦးက ပြောသည်။

အထ္ထရံမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည့် သဘာဝဒေါင်ဒင်အင်းကြီးသည် ဧရိယာအားဖြင့် ကျယ်ဝန်းလျက်ရှိသည့်အတွက် ငါးသယံဇာတပေါများလျက်ရှိသည်။ ဒေသဓလေ့အရ အလှည့် ကျစနစ်ဖြင့် ယခုနှစ်တွင် စုပေါင်းငါးဖမ်းပွဲတော်ကို ရေပူကော့စပ်ရွာမှ တာဝန်ယူပြီး လာမည့်နှစ်တွင် ငပုအင်းကျေးရွာအုပ်စုမှ ပွဲတော်ကို ဆက်လက်တာဝန်ယူကျင်းပသွားမည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...