စစ်အာဏာသိမ်းကာလ တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု ၃၆၀ ကျော်ရှိ

စစ်အာဏာသိမ်းကာလ တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု ၃၆၀ ကျော်ရှိ

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ တနင်္သာရီတိုင်းဒေသကြီးတွင် အရပ်သားသေဆုံးမှု ၃၆၀ ဦးကျော်ရှိသည်ဟု Southern Monitor အဖွဲ့က ထုတ်ပြန်ထားချက်အရ သိရသည်။

စစ်တပ်အာဏာသိမ်းကာလအတွင်း အရပ်သားဒဏ်ရာရသူ  ၁၃၆ ဦးကျော်ရှိခဲ့ပြီး အရပ်သားထိခိုက်မှု (Civilian casualty) စုစုပေါင်း ၄၉၆ ဦးရှိခဲ့ကြောင်းလည်း Southern Monitor က ထုတ်ပြန်ထားသည်။

တိုင်းအတွင်း၌ ပဋိပက္ခကြောင့် အရပ်သားထိခိုက်မှုအများဆုံးသည် လောင်းလုံးမြို့နယ်ဖြစ်ပြီး  အရပ်သား စုစုပေါင်း ၉၉ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူ ၂၈ ဦးရှိခဲ့သည်ဟု ဆိုသည်။

အလားတူ ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်တို့တွင်လည်း အရပ်သားထိခိုက်မှု များပြားကြောင်းလည်း Southern Monitor က ဆိုထားသည်။

စစ်ကောင်စီဘက်က ကျူးလွန်သည့် အရပ်သားသေဆုံးမှုဖြစ်စဉ်များသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာ၊ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာချိန် ဒေသခံများကိုဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးထိမှန် သေဆုံးတာ၊ ဆိုင်ကယ်စီးသူတွေနှင့် သာမန်ပြည်သူတွေကို လုံခြုံရေးအကြောင်းပြချက်နှင့် ပစ်ခတ်သတ်ဖြတ်တာတွေ ပါဝင်ပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စသည့်အဖွဲ့တို့က တတ်ကြွလူငယ်တွေ၊ PDF အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေနှင့် NLD ပါတီဝင်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာတွေ ပါဝင်သည်ဟု ဆိုသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကျူးလွန်တဲ့ ဖြစ်စဉ်တွေမှာ ပျူစောထီး၊ သွေးသောက်၊ စစ်တပ် သတင်းပေးသူတွေအပါအဝင် အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တာ၊ အချို့ဖြစ်စဉ်တွေမှာ မှားယွင်းသတ်ဖြတ်ခံရတာ၊ မိသားဝင်တွေပါ ထိခိုက်သေဆုံးတာတွေနဲ့ မှားယွင်းပစ်ခတ်ခံရမှုကြောင့် ခရီးသွားပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေ ပါဝင်သည်။

အရပ်သားသေဆုံးသူစာရင်းထဲမှာ လက်နက်ကိုင်ဆောင်ထားတဲ့ (စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF၊ ERO) အဖွဲ့တို့မှ အဖွဲ့ဝင်တွေကို ထည့်သွင်းရေတွက်ထားခြင်းမရှိဘူးလိုလည်း ဆိုသည်။ သေဆုံးသူတွေထဲမှာ သာမန်အရပ်သားတွေအပြင် လက်နက်မကိုင်ထားသည့်  ပျူစောထီး၊ စစ်တပ်သတင်းပေး၊ အုပ်ချုပ်ရေးမှူး၊ ပါတီဝင်တွေ၊ PDF နှင့် ဆက်စပ်သူတွေကိုလည်း ထည့်သွင်းရေတွက်ထားကြောင်း သေဆုံးသူတွေရဲ့ ကိုယ်ရေးနောက်ခံ အချက်အလက်တွေက (ကျူးလွန်သူတွေက သူတို့ကို စွပ်စွဲတဲ့အတိုင်း) အမှန်တကယ်ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ ခက်ခဲတဲ့အတွက် ထည့်သွင်းရေတွက်ထားခြင်းဖြစ်ကြောင်း Southern Monitor ထုတ်ပြန်ထားသည်။

လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းများအားလုံးအနေနှင့် အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေး ကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာသင့်တယ်လို့လည်း Southern Monitor က ဆိုထားသည်။

Southern Monitor အဖွဲ့သည် တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး၊ ပဋိပက္ခအခြေအနေတွေ၊ စစ်ရှောင်ပြည်သူတွေအရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဥ်တွေကို စောင့်ကြည့်လေ့လာပြီး ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းတွေ ပိုမိုသိရှိနိုင်အောင် လေ့လာတင်ပြပေးသည့် လွတ်လပ်သည့် သုတေသနအဖွဲ့တစ်ခုဖြစ်သည်။

Photo Caption - အာဏာသိမ်း မြန်မာစစ်သားများ (internet)

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...