ကျူခက်များကို နိုင်ငံခြားမှ ဝယ်ယူသောကြောင့် ရခိုင်က ကျူခုတ်သူများ အဆင်ပြေနေ

ကျူခက်များကို နိုင်ငံခြားမှ ဝယ်ယူသောကြောင့် ရခိုင်က ကျူခုတ်သူများ အဆင်ပြေနေ
အမ်းမြို့နယ်မှ ကျူပင်အခက်ရောင်းဝယ်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။/ ဓာတ်ပုံ - ဒေါက်တာ ဝင်းမြင့်လေး
အမ်းမြို့နယ်မှ ကျူပင်အခက်ရောင်းဝယ်ရေး လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။/ ဓာတ်ပုံ - ဒေါက်တာ ဝင်းမြင့်လေး

အိမ်တွင်း တံမြက်စည်းပြုလုပ်ရန်အသုံးပြုသည့် ကျူပင်အခက် (ဒေသအခေါ် ဘွတ်ပင်) များကို ပြည်ပနိုင်ငံများမှ ဝယ်ယူနေသဖြင့် ရခိုင်ပြည်က ကျူပင်ခုတ်သူနှင့် ရောင်းချသူများမှာ ဝင်ငွေကောင်းရနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျူပင်အခက်များကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အပြင် ကိုးရီးယား၊ ဂျပန်၊ ထိုင်း၊ ပါကစ္စတန် စသည့်နိုင်ငံများမှ ဝယ်ယူနေပြီး ကျူပင်တစ်ခက်ကို ငွေကျပ် ၅ ကျပ်နှင့် ကျူပင်အခက် အခြောက် ၁ ပိဿာကို ငွေကျပ် ၂,၁၀၀ အထိ ရရှိကြောင်း အမ်းမြို့မှ ကျူပင်အခက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ဒေါက်တာ ဝင်းမြင့်လေးက ပြောသည်။

“ပြည်ပနိုင်ငံတွေက ရန်ကုန်ကနေတစ်ဆင့် ဝယ်ယူနေတာလို့ သိရတယ်။ ဒီကို ရန်ကုန်ကနေတစ်ဆင့် ပွဲစားတွေနဲ့ လာဝယ်တာရှိသလို ဒီကလူတွေက ရန်ကုန်ကို ကိုယ်တိုင်သွားရောင်းတာလည်း ရှိပါတယ်”ဟု ဒေါက်တာ ဝင်းမြင့်လေးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျူပင်အခက်များကို တံမြက်စည်းလုပ်ကာ အသုံးပြုကြပြီး ပြည်ပနိုင်ငံများတွင် မည်သို့လုပ်ဆောင်သည်ကို မသိရသော်လည်း အဆိုပါ ကျူခက်များကို ဈေးကောင်းပေး ဝယ်ယူနေသည့်အတွက် ဒေသခံများမှာ တွက်ခြေကိုက်နေကြသည်။

ကျူပင်အခက်များကို ပြည်ပနိုင်ငံမှ ဝယ်ယူနေသည်ကို ရခိုင်ပြည်ရှိ ဒေသခံများအနေဖြင့် ယခုနှစ်မှ သိရှိကြခြင်းဖြစ်ပြီး ကျူပင်ခုတ်သူများမှာ တစ်ရက်လျင် အနည်းဆုံး ငွေကျပ် တစ်သောင်းမှ နှစ်သောင်းခွဲအထိ ရရှိကြောင်းလည်း သိရသည်။

ကျူပင်အခက်များကို ပြည်ပနိုင်ငံများမှ ဝယ်ယူမှုများ ရှိနေသည့်အတွက် လက်ရှိတွင် စီးပွားရေးလုပ်ငန်းရှင်အချို့က တောင်ယာခင်းများတွင် စီးပွားဖြစ်စိုက်ပျိုးမှုများလည်း ရှိနေကြောင်း သိရသည်။

“တချို့တွေကတော့ နောက်နှစ်တွေအတွက် ကြိုတင်စိုက်ပျိုးနေတာတွေလည်း ရှိတယ်လို့ သိရတယ်။ တစ်နေ့လုပ်တစ်နေ့စား လုပ်ကိုင်သူတွေနဲ့ ကျေးလက်က လူတွေအတွက်တော့ တော်တော်လေး အဆင်ပြေနေကြတယ်။ စီးပွားဖြစ်စိုက်ပျိုးသူတွေ ရှိလာနေတယ်ဆိုတော့ ကျူပင်ခုတ်သူတွေအတွက် နှောင်နှစ်တွေမှာ ကျူပင်ရှားပါးမှုတွေ့ ကြုံရာလာနိုင်တယ်”ဟု ကျူပင်အခက်များ ရောင်းဝယ်ရေးလုပ်ကိုင်နေသူ အမ်းမြို့နယ်၊ ပတ်ကွေ့ကျေးရွာမှ ကိုသန်းထွန်းက ပြောသည်။

ကျူပင်များမှာ အောက်တိုဘာ၊ ဒီဇင်ဘာလ တို့တွင် ဖူးပွင့်လေ့ရှိသော သဘာဝပေါက်ပင်များဖြစ်ပြီး ရခိုင်ပြည် နေရာအနှံ့အပြားတွင် ပေါက်ရောက်မှုများရှိသော်လည်း အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ စသည့်မြို့နယ်တို့တွင် အများဆုံး ပေါက်ရောက်ကြသည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...