ရခိုင်တိုက်ပွဲ ဆက်လက်ရပ်စဲထားရန် မစ္စတာ ဆာဆာကာဝါ ပြောဆိုခဲ့

ရခိုင်တိုက်ပွဲ ဆက်လက်ရပ်စဲထားရန် မစ္စတာ ဆာဆာကာဝါ ပြောဆိုခဲ့
မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်များအား မစ္စတာ ဆာဆာကာဝါ က အနွေးထည်များ လှူဒါန်းနေစဉ်။/ဓာတ်ပုံ - Arakan Princess Media
မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်များအား မစ္စတာ ဆာဆာကာဝါ က အနွေးထည်များ လှူဒါန်းနေစဉ်။/ဓာတ်ပုံ - Arakan Princess Media

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများကို ဆက်လက် ရပ်စဲထားရန် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ က ULA/AA ကို ပြောဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က မစ္စတာ ဆာဆာကာဝါသည် မြောက်ဦးမြို့ရှိ ရောက်ရှိလာခဲ့ပြီး စစ်ဘေးရှောင်စခန်းများသို့ ဝင်ရောက်လေ့လာခဲ့သည်။ ထို့အပြင် ULA/AA မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပြီး တိုက်ပွဲများကို ဆက်လက် ရပ်စဲထားရန် ပြောကြားခဲ့ကြောင်း ULA ထိပ်ပိုင်းခေါင်းဆောင်နှင့် နီးစပ်သူတစ်ဦးက DMG သို့ပြောသည်။

 

“သူ(မစ္စတာ ဆာဆာကာဝါ) လာရတဲ့အကြောင်းအရင်းက စစ်ဘေးရှောင်စခန်းမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ကျောင်းတွေ ဆောက်ပေးဖို့ရယ်။ ကျန်းမာရေးစောင့်ရှောက်ပေးဖို့အတွက် ပြောခဲ့တယ်။ အဓိကတော့ တိုက်ပွဲတွေကို အခုရှိတဲ့ပုံစံအတိုင်း၊ တိုက်ပွဲမဖြစ်အောင် နှစ်ဖက်စလုံး ဆက်လက် ထိန်းသိမ်းထားဖို့အတွက် ပြောခဲ့တာရှိတယ်” ဟု ၎င်းကဆိုသည်။

မစ္စတာ ဆာဆာကာဝါသည် မြောက်ဦးမြို့နယ်ရှိ မြတန်ဆောင်း၊ မြို့သစ်၊ မြို့ဦးခေါင်း၊ တိမ်ညိုစစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်စုစုပေါင်း ၂ သောင်းကျော်အတွက် အနွေးထည်များ လှူဒါန်းခဲ့သည်။

မြို့ဦးခေါင်းစစ်ဘေးရှောင် စခန်းတာဝန်ခံ ကိုထွန်းလင်းက “ကျနော်တို့ကို နေရပ်ပြန်ဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောခဲ့တာတော့ မရှိပါဘူး။ သူ(မစ္စတာ ဆာဆာကာဝါ)က သူ့ဘဝဖြတ်သန်းမှုတွေကို ပြောခဲ့တယ်။ နောက်ပြီးတော့ တိုက်ပွဲငြိမ်သက်သွားရင် အေးချမ်းစွာ နေထိုင်နိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးသွားမယ် ဆိုတာကို ပြောခဲ့တယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ပြီး အပစ်ရပ်စဲခဲ့သည်မှာ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ဖြစ်သည်ဟု AA က ပြောဆိုထားသည်။ ၎င်းသည် ရခိုင်ပြည် ငြိမ်းချမ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးရာတွင် ထင်ရှားသူလည်း ဖြစ်သည်။

“ သူ(မစ္စတာ ဆာဆာကာဝါ) ကတော့ ရခိုင်မှာ အပစ်အခတ်ရပ်စဲဖို့အတွက် ကြားဝင်ညှိနိူင်းရေးမှာ အဓိက အရေးပါတဲ့လူတစ်ယောက်လို့ ပြောလို့ရတယ်။ အပစ်အခတ်ရပ်စဲသွားတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆက်လက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်တယ်လို့မြင်တယ်။ နောက်ပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ ပြည်သူလူထုတွေကို မျက်နှာမူပြီးတော့ လူထုအကျိုးပြုလုပ်ငန်းတွေကို လုပ်လိမ့်မယ်လို့မြင်တယ်။ လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့အတွက် နှစ်ဖက်စလုံးကို မေတ္တာရပ်ခံပြီးတော့ ကြားဝင်ညှိနှိုင်းထားတယ်လို့ပဲ မြင်ပါတယ်”ဟု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

မစ္စတာ ဆာဆာကာဝါ ၏ ယခု ရခိုင်ပြည်ခရီးစဉ်မှာ တတိယအကြိမ်မြောက်ဖြစ်သည်။ သူ့၏ ၂၀၂၀၊ ၂၀၂၁ ခုနှစ် ရခိုင်ပြည်ခရီးစဉ်များတွင်လည်း IDP စခန်းများသို့ သွားရောက်လေ့လာခဲ့ပြီး ရခိုင်ပြည်မြောက်ပိုင်းမှ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တိုက်တွန်းခဲ့သည်။

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...