ထီခချောင်းတစ်လျှောက် မြေနှင့်တောင်များအား ဖြိုချပြီး ရွှေအလွန်အကျွံ တူးဖော်နေသည့်အတွက် ချောင်းပျက်စီးလာမည်ကို ဒေသခံများစိုးရိမ်

ထီခချောင်းတစ်လျှောက် မြေနှင့်တောင်များအား ဖြိုချပြီး ရွှေအလွန်အကျွံ တူးဖော်နေသည့်အတွက် ချောင်းပျက်စီးလာမည်ကို ဒေသခံများစိုးရိမ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့ခရိုင်၊ မချမ်းဘော့မြို့၊ ထီခချောင်းတစ်လျှောက်က မြေနဲ့တောင်တွေကိုဖြိုချပြီး ရွှေအလွန်အကျွံ တူးဖော်နေကြတဲ့အတွက် ချောင်းပျက်စီးလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လက်ရှိအချိန် ချောင်းရေတွေဟာ ရွံရေအဖြစ် ပြောင်းလဲသွားပြီး ရေရှည်မှာ ရေနေသတ္တဝါတွေကို ထိခိုက်စေနိုင်တဲ့အပြင် မိုးရာသီရောက်ခဲ့ရင် ကမ်းပါးပြိုကျနိုင်တဲ့ အခြေအနေထိ ဖြစ်လာနိုင်တာကြောင့် ဒေသခံ‌တွေ စိုးရိမ်နေကြတာ ဖြစ်တယ်လို့ မချမ်းဘော့မြို့နေ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ထီခမှာက ကျနော်တို့ ငါးရှာစားတဲ့နေရာဟုတ်တယ်။ ဒါပေမဲ့ အခုက အာလုံးနောက်သွားတော့(ရေနောက်ခြင်းကိုဆိုလို) လူတွေသုံးနေတဲ့နေရာအထိ အကုန်နောက်သွားပြီဆိုတော့ နောက်ဆိုရင် ငါးတွေမရှိတော့မှာ၊ သူ့ရဲ့ သဘာဝတရားပျက်စီးသွားမယ်။”လို့ ဒေသခံက ဆိုပါတယ်။

အခုရွှေတူးဖော်နေကြတဲ့ မြေတွေဟာ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေ ဘိုးဘွားလက်ထက်က နတ်ကိုးကွယ်ရာမြေနေရာဖြစ်သလို အထွဋ်အမြတ်ထားရာ မြေတွေလည်း ဖြစ်တဲ့အပြင် ဒေသခံတွေ စိုက်ပျိုးမြေတွေအဖြစ် အသုံးပြုနေတဲ့ မြေတွေလည်းဖြစ်တယ်လို့လည်း နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ထီခ အောက်ဘက်ပိုင်းအားလုံးက ဟိုးဘိုးဘွားဘီဘင် လက်ထက်ကတည်းက ကျနော်တို့ နတ်စားခတ်တုန်းက ကိုးကွယ်ခဲ့တဲ့ ကျွန်တော်တို့ အလေးထားတဲ့ နတ်နေရာတွေ အခုမရှိတော့ဘူး။ အဲဒီကနေစပြီး ဟိုးအောက်ဘက်ပိုင်းမှာ ဘာမှမရှိတော့ဘူး။”လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေမြေထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လာရောက်ပြီး ချောင်းရေကိုကြည့်ရှုခဲ့ပေမဲ့ ဒေသခံတွေရဲ့ တင်ပြချက်တွေကို အလေးနက်ထားဆောင်ရွက်ပေးတာမျိုး မရှိဘူးလို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ၂၀၂၂ ခုနှစ်က ဒီဇင်ဘာလတုန်းက ရွှေတူးဖော်တာကို ရပ်တန့်ပေးဖို့ လုပ်ငန်းရှင်တွေကို တောင်းဆိုတာတွေရှိခဲ့ပေမယ့် စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ရွှေလုပ်ကွက်တွေဖြစ်တဲ့အတွက် မတားဆီးနိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။

လက်ရှိတူးဖော်နေတဲ့နေရာရဲ့ အထက်ပိုင်းကိုတော့ ထပ်မံတူးဖော်လုပ်ကိုင်တာမျိုး လုံးဝမပြုလုပ်ပေးဖို့အတွက်လည်း ဒေသခံတွေက လုပ်ငန်းရှင်တွေကို တောင်းဆိုနေကြပါတယ်။

အထက်ပိုင်းနေရာတွေကို ဆက်လက်တူးဖော်လိုက်မယ်ဆိုရင် ကျေးရွာပေါင်း (၃၀) မှာနေထိုင်နေကြတဲ့ လယ်ယာလုပ်ငန်းနဲ့ ရေလုပ်ငန်း အသက်မွေးတဲ့သူတွေ ထိခိုက်လာနိုင်တဲ့အပြင် ထီခချောင်းလည်း လုံးဝပျက်စီးသွားမှာဖြစ်တာကြောင့် ဆက်လက်မတူးဖော်ဖို့ ဒေသခံတွေက ပြောဆိုနေကြတာဖြစ်ပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...