ဗိုလ်မှူးကြီးစောအေဝမ်း၏ ကိုယ်ပိုင်အထက်တန်းကျောင်း ပိတ်ထားလိုက်ရသဖြင့် ကျောင်းသား ၂ဝဝ ကျော် ပညာ သင်ယူခွင့်ခက်ခဲနေ

ဗိုလ်မှူးကြီးစောအေဝမ်း၏ ကိုယ်ပိုင်အထက်တန်းကျောင်း ပိတ်ထားလိုက်ရသဖြင့် ကျောင်းသား ၂ဝဝ ကျော် ပညာ သင်ယူခွင့်ခက်ခဲနေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကြိမ်ချောင်းရွာတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောအေဝမ်း ၎င်းဖွင့်လှစ်ထားသည့် ကိုယ်ပိုင်အထက်တန်းကျောင်း ပိတ်ထားလိုက်ရသဖြင့် ဌာနေဒေသအသီးသီးရှိ ပညာသင်ကြားနေဆဲ ဌာနေကျောင်းသားလူငယ် ၂ဝဝ ကျော် ပညာဆက်လက်သင်ယူနိုင်ရန် ခက်ခဲနေသည်ဟု သိရသည်။

KNU -ဒူးပလာယာခရိုင် မြို့နယ်အသီးသီးရှိ ဌာနေဒေသခံလူငယ်များမှ လာရောက် ပညာသင်ကြားနေသည့် ကြိမ်ချောင်းရွာရှိ အဆိုပါအထက်တန်းကျောင်းကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် စစ်ကောင်စီမှ စာသင်ကျောင်းအနီး လာရောက်ဗုံးကြဲ သည့်အတွက် စာသင်ကြားမှုကို ရပ်နားထားလိုက်ရခြင်းဖြစ်သည်။

ဒသမတန်းကျောင်းသူတစ်ဦးက “ စာမေးပွဲဖြေဖို့ တစ်ကြိမ်ပဲကျန်တော့တယ်။ ၃ ကြိမ်ဖြေ ထားပြီးပြီးပေါ့နော်။ ကျောင်းဆင်းပွဲလုပ်ဖို့လည်း စီစဉ်ထားကြပြီးပြီ။ ညပိုင်းမှာ သမီးတို့ ကျောင်းအနီး ဗုံးလာကြဲတော့ အားလုံးက ကြောက်လန့်သွားတယ်။ ကိုဗစ်ကာလရော အာဏာစသိမ်းတဲ့ကာလမှာရော ကျောင်းမတက်ခဲ့ရဘူး။ ဗိုလ်မှူးဖွင့်ထားတဲ့ကျောင်းမှာ အခမဲ့ပညာသင်ခွင့်ရတော့ သမီးတို့တွေအတွက် အဆင်ပြေတယ်။ အခုကျောင်းကပိတ် လိုက်ပါပြီ။ သမီးတို့ ပညာဆက်လက်သင်ယူနိုင်ဖို့ ခက်ခဲသွားတယ်ပေါ့နော်” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကရင်ဘာသာရပ်အား အဓိကထား သင်ကြား ပေးလျက်ရှိကာ KG သူငယ်တန်းမှ ဒသမ(၁ဝ) တန်းအထိ စနစ်သစ်၊ စနစ်ဟောင်းသင်ရိုး ညွှန်းတမ်းများကိုလည်း ထည့်သွင်းသင်ကြား ပေးလျက်ရှိသည်။ ထို့အပြင် ဒေသအသီး သီးမှ တက်ရောက်လာသည့် ဌာနေကျောင်းသားများကိုလည်း နေထိုင်စားသောက်ရေးအပြင် ကျောင်းဝတ်စုံများလည်း ကျောင်းမှထောက်ပံ့ ပေးလျက်ရှိသည်ဟု ကျောင်းသားများထံမှ သိရသည်။

“ တက်ခဲ့ဖူးတဲ့ကျောင်းတွေမှာ ဒီကျောင်းမှာက သင်ကြားမှု လက်တွေ့ပိုင်း ကိုယ်ပိုင် စဉ်းစားတွေးခေါ်မှုကအစ စနစ်တစ်ကျသင်ကြားပေးတယ်။ လေ့လာသင်ယူမှုအပိုင်းမှာ အစိုးရကျောင်းတွေနဲ့တော့ ကွဲခြားမှုရှိတယ်။ ကရင်စာလည်း သင်ခွင့်ရတယ်။ အစိုးရသင်ရိုးစာလည်း ပါတယ်ပေါ့နော်။ ဘယ်လက်နက်ကိုင်အဖွဲ့မဆို ကျနော်တို့ လူငယ်တွေ အေးအေးချမ်းချမ်းနဲ့ ပညာသင်ယူနေတာကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်တာမျိုး မလုပ်ဖို့ တောင်းပန်ပါတယ်” ဟု ဝင်းရော်ဒေသမှ ကျောင်းသွားတက်ရောက်နေသူ လူငယ်တစ်ဦးက ပြောသည်။

၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အဆိုပါ ကြိမ်ချောင်းရွာ ကိုယ်ပိုင်အထက်တန်းကျောင်းသည် KNU ဒူးပလာယာခရိုင်၊ မြို့နယ်အသီးသီးရှိ ဌာနေဒေသခံတို့၏ မှီခိုအားထားရာ ကျောင်းတစ်ကျောင်းဖြစ်လာပြီး အခြေအနေ အမျိုးမျိုးကြောင့် သင်ကြားမှုရပ်နားထားလိုက်ရသည့်အတွက် ကျောင်းသား လူငယ်အ များစုမှာ ဆက်လက်ပညာလေ့လာသင်ယူနိုင်ရန် ခက်ခဲနေသည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။

KNU ဒူးပလာယာခရိုင် ကြိမ်ချောင်းကျေးရွာတွင် အခြေစိုက် DKBA ဗိုလ်မှူး စောအေဝမ်း ဦးစီးသည့် အမှတ် ၂ နည်းဗျူဟာနေရာအနီးတွင် ဌာနေလူထုများအတွက် ပညာရေးနှင့် ကျန်းမာရေးအခမဲ့ဆေးခန်းများလည်း ဖွင့်လှစ် ပေးထားလျက်ရှိသည်။ ထိုနေရာအနီးတစ်ဝိုက်တွင် ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီမှ လေယဉ်ဖြင့် လာရောက်ဗုံးကြဲသည့်အတွက် ဒေသခံလူထုများ ယနေ့အထိ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...