ရွှေကုက္ကိုလ်မြို့သစ်မှ အထောက်အထားမဲ့ တရုတ်နိုင်ငံသားများ လက်နက်ဖြင့် အစစ်အဆေးမရှိ သွားလာနေ

ရွှေကုက္ကိုလ်မြို့သစ်မှ အထောက်အထားမဲ့ တရုတ်နိုင်ငံသားများ လက်နက်ဖြင့် အစစ်အဆေးမရှိ သွားလာနေ

တရုတ်စာသား နံပါတ်ပါ ကားများဖြင့် လက်နက်များကိုင်ဆောင်ထားသည့် ရွှေကုက္ကိုလ်မြို့သစ်မှ အထောက်အထားမဲ့ တရုတ်နိုင်ငံသားများသည် မြ၀တီမြို့တွင် အစစ်အဆေးမရှိသွားလာနေကြောင်း မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုလုပ်ငန်းများမှ အထောက်အထားမဲ့ တရုတ်နိုင်ငံသားများသည် ယခုတလော တရုတ်စာသားနံပါတ်ပါယာဉ်များ စီနင်းကာ လက်နက်ကိုင်ဆောင်၍ မြ၀တီမြို့တွင် သွားလာ နေထိုင်စားသောက် တည်းခိုနေမှုများအား စစ်ကောင်စီတပ်ဖွဲ့များမှ တားမြစ်စစ်ဆေးခွင့်မရှိ ခွင့်ပြုသွားလာခွင့်ရနေကြောင်း မျက်မြင်တွေ့ရှိသူ မြ၀တီမြို့ခံတစ်ဦးက ယခုလိုပြောသည်။

“သူတို့က လက်နက်တွေနဲ့ သက်တော်စောင့်ပုံစံ လက်နက်ကိုင်တွေ သုံးလေးယောက်ပါတယ်ဆိုတော့ အခုစစ်တပ်စစ်ဆေးတဲ့ ဂိတ်တွေဆိုလည်း အဲဒီရွှေကုက္ကိုလ် တရုတ်ကားနံပါတ် တံဆိပ်ပါတဲ့ကားတွေ ဆိုမစစ်ဆေးဘူး။ မြို့က စစ်တပ်ကသာ လှည့်ပတ်နေတာ တရုတ်အထောက်အထားမဲ့ရောက်လာပြီး နေထိုင်သွားလာ မူးရူးနေတာတွေကို ဘာမှမလုပ်ရဲကြဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD အစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားသည့် စီမံကိန်းဒေသအဖြစ် သတင်းထွက်ပေါ်ခဲ့သော်လည်း လက်ရှိ စစ်တပ် အာဏာ သိမ်းဖြစ်စဉ် ပြီးနောက်ပိုင်းတွင် ရပ်ဆိုင်းသွားခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင် လည်ပတ်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုမြို့သစ်မှ ကာစီနိုလုပ်ငန်းများ၊ ဇိမ်ခံလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် အထောက်အထားမဲ့ နိုင်ငံခြားသားများ လာရောက်အလုပ်လုပ်ကိုင်နေမှုနှင့် ထိုင်း-မြန်မာနယ်စပ်သို့ တရားမ၀င်ဖြတ်ကျော်၀င်ရောက်ကာ လောင်းကစား၊ အပျော်အပါးလာရောက်သူများ အများအပြား၀င်ထွက်သွားလာလျက်ရှိကြောင်း နီးစပ်သူများကဆိုသည်။

“အခုဆို ရွှေကုက္ကိုလ်က စည်ကားနေရော။ သူ့နေရာ သူ့အုပ်ချုပ်မှု သူ့စည်းကမ်း၊သူ့နေရာ ၀င်ထွက်သွား လာခွင့်ကဒ်၊ သူ့ဒေသ ကားနံပါတ်တွေနဲ့ BGF က အုပ်ချုပ်လုပ်ကိုင်နေတာမျိုးပါ။ တရားမ၀င် တရုတ် နိုင်ငံသားတွေ၊ တခြားနိုင်ငံသားတွေအများကြီး ရှိနေတယ်။ မြန်မာတွေ၊ ကရင်တွေကတော့ အောက်ခြေ သိမ်းအလုပ်တွေ၊ လက်သမား၊ ပန်းရံအလုပ်တွေ ၀င်ငွေကောင်းနေကြတော့ လာနေကြတာ အများကြီးပဲ။ အိမ်ငှားခြံငှားတွေလည်း အလုပ်ဖြစ်ကြတယ်။ ပြည်မမှာ ခေတ်ပျက် နေပေမယ့် ရွှေကုက္ကိုလ်မှာတော့ သီးခြားစည်ကားနေတယ်လို့ ပြောရမှာပဲ။”ဟု ကာစီနိုဆောက်လုပ်ရေးလုပ်ငန်း တစ်ခုတွင် ၀င်ရောက်လုပ်ကိုင်နေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းဟု နာမည်တပ်လုပ်ကိုင်နေသည့် ကာစီနိုလုပ်ငန်းများတွင် တရုတ်နိုင်ငံသားများအပြင် ထိုင်းနိုင်ငံသားနှင့် အခြားနိုင်ငံခြားသားအများအပြား လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြကြောင်းနှင့် ၎င်းရွှေကုက္ကိုလ် မြို့သစ်သို့ စစ်ကောင်စီအကြီးအကဲများ ၎င်းတို့ သားသမီးများလည်း လာရောက်လည်ပတ်၍ လောင်းကစားနှင့် ပျော်ပါးမှုများ မကြာခဏ လာရောက် လေ့ရှိကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ဆိုသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...