စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်သဖြင့် အမျိုးသမီးအပါအဝင် ဝင်းရော်ဒေသခံ ၁ဝ ဦးကျော် ပြင်းထန်ဒဏ်ရာရ

စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်သဖြင့် အမျိုးသမီးအပါအဝင် ဝင်းရော်ဒေသခံ ၁ဝ ဦးကျော် ပြင်းထန်ဒဏ်ရာရ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ဝင်းရော်ဒေသတွင် ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အမျိုးသမီးအပါအဝင် ဒေသခံ ၁၀ ဦးကျော်အား စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ရိုက်နှက်သည့်အတွက် ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

တောင်စွန်းရွာတွင် တပ်စွဲထားသည့် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၂၈၄ လက်အောက်ခံအဖွဲ့နှင့် နယ်ခြားစောင့်တပ်-BGF အမှတ် ၁ဝ၂၂ တပ်ရင်းပူးပေါင်းတပ်ဖွဲ့တို့ ဖောက်ထွင်းသိမ်းယူထားသည့် သစ်အမျိုးမျိုးနှင့် အဝတ်အထည်များအား ယနေ့နံနက်ပိုင်းက အဓမ္မခိုင်းစေခေါ်ထားသည့် အရပ်သားကား ၄ စီးဖြင့်  အနန်းကွင်းရွာရှိ စစ်ကောင်စီဗျူဟာစခန်းသို့ ပို့ဆောင်ခိုင်းစေစဉ် တော်လှန်ရေးပူးပေါင်းအဖွဲ့၏ ကြားဖြတ်ဖမ်းဆီးခြင်းခံခဲ့ရသည်။

အဆိုပါ ကြားဖြတ်ဖမ်းဆီးခံရမှုအပေါ် ၎င်းစစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က တွေ့ရှိရာ ခရီးသွားလာပြည်သူများအား ဖမ်းဆီးစစ်ဆေးရိုက်နှက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်နှက်ခံရသူများက ကေအိုင်စီသို့ ပြောသည်။

ဖမ်းဆီးရိုက်နှက်ခံခဲ့ရသူတစ်ဦးက “ အားလုံးလက်ပြန်ကြိုးတုပ်ပြီးတော့ တစ်ချက်မေး တစ်ချက်ရိုက်တယ်။ လက်သီးနဲ့ရော၊ ခြေတောက်ရော ကန်တယ်။ ပြီးတော့ ဝါးချောင်းယူပြီးရိုက်တဲ့အပြင် သေနတ်နဲ့ပါ ခေါင်းကိုရိုက်တော့ အားလုံးကွဲကုန်ကြတယ်။ ကား ၄ စီး ဖြတ်သွားတာ မြင်လားလို့ မေးတာကို ကျနော်တို့က မမြင်ဘူးလို့ အမှန်တိုင်းပြောတာပါ။ သွားလာသူအကုန်လုံးကို စစ်ဆေးမေးမြန်း ရိုက်တယ်။ အမျိုးသမီးတွေဆို ခြေတောက်နဲ့ သူတို့ကန်တယ်။ တစ်ချို့တော့ ပြန်လွတ်လာကြပြီး” ဟု ပြောသည်။

တောင်စွန်း၊ ဆင်ပြေး၊ ခုံခံ၊ သံပုရာ၊ ကိုရောင်ရွာမှ ခြံထွက်သီးနှံများနှင့် လိုအပ်သည့် စားသုံးကုန်များအား အနန်းကွင်းရွာသို့ သွားရောက်ရောင်းချ၊ ဝယ်ယူကြပြီးနောက် ပြန်လာသည့် ဒေသခံအရပ်သားပြည် သူများအား သံပုရာ ကျေးရွာအဝင် ကင်းပုန်းဝတ် စခန်းချနေထိုင်သည့်  စစ်ကောင်စီအဖွဲ့က နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ခဲ့ ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ ကျနော်က ကွမ်းသီးသွားရောင်းရင်း လမ်းမှာစစ်တပ်ဖမ်းဆီးရိုက်ခံခဲ့ရတာပါ။ PDF တွေကို မင်းတို့တွေ့လား ဘယ်မှာရှိလဲ မေးတယ်။  ကျနော်ရှေ့က လင်မယား ၂ ယောက်ဆို သူ့ယောက်ျားကို ရိုက်လိုက် မိန်းမကိုတော့ ခြေထောက်နဲ့ကန်တယ်။ ရှေ့မှာ လူ ၁ဝ ဦးနီးပါးကိုလည်း ထိုင်ခိုင်းထားပြီး ရိုက်ထားတာ တွေ့ရတယ်။ ညနေ ၅ နာရီလောက်မှာ ကျနော့်ကို ပြန်လွှတ်တယ်။” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီပူးပေါင်းတပ်သည် စစ်ဘေးတိမ်းရှောင်နေကြသည့် ကျေးရွာလူထုတို့၏ နေအိမ်များအား ဖောက်ထွင်းဖျက်ဆီးပြီး တန်းဘိုးရှိပစ္စည်းများအား ယူဆောင်သွားသည့်အပြင် တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ၎င်းတို့၏ စခန်းကို ပြန်လည်ပြုပြင်တည်ဆောက်ရန် ကျေးရွာအလိုက်ခွဲတမ်းချမှတ်ကာ သစ်၊ ဝါး၊ ခြံစည်းရိုးတိုင်များကို စခန်းသို့ လာရောက်ပို့ဆောင်ခိုင်းလျက်ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။

ပုံ-စီဂျေ

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...