KIA တပ်မဟာ (၂) မှ တနိုင်းမြို့နယ်အတွင်း ဘိန်းခင်းတိုက်ဖျက်ရေးလုပ်ငန်းများအား ဇန်နဝါရီလ အပြီးဆောင်ရွက်သွားမည်ဟုဆို

KIA တပ်မဟာ (၂) မှ တနိုင်းမြို့နယ်အတွင်း ဘိန်းခင်းတိုက်ဖျက်ရေးလုပ်ငန်းများအား ဇန်နဝါရီလ အပြီးဆောင်ရွက်သွားမည်ဟုဆို
ပုံဟောင်းအသုံးပြုထားပါသည်။ မြစ်ကြီးနားသတင်းဂျာနယ်
ပုံဟောင်းအသုံးပြုထားပါသည်။ မြစ်ကြီးနားသတင်းဂျာနယ်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊တပ်မဟာ (၂) ကနေ တနိုင်းမြို့နယ်အတွင်းမှာ ဘိန်းခင်းတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဇန်နဝါရီလ အပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ (၃) ရက်နေ့ကစပြီးတော့ တနိုင်းဒေသဘက်က ဘိန်းခင်းတွေကို လိုက်လံခုတ်ထွင် ရှင်းလင်းနေပြီဖြစ်ပြီး ဒီလအတွင်း တနိုင်းမြို့နယ် တရုံကျေးတစ်ဝိုက်နဲ့ တနိုင်းချောင်းတစ်လျှောက်ကို အပြီးသတ်ရှင်းလင်းသွားမှာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ခုလုပ်နေတာတော့ KIA တပ်မဟာ (၂) တွေဟုတ်တယ်။ ဆက်လက်ပြီးတော့ လုပ်နေဆဲပါပဲ။ ဒီတစ်လလုံး လုပ်သွားဖို့တော့ရှိတယ်”လို့ဆိုပါတယ်။

အဲဒီဒေသဟာ KIA တပ်ရင်း (၄၅) ရဲ့ လုပ်ရှားရာနယ်မြေဖြစ်ပေမယ့် လက်ရှိမှာတော့ တပ်မဟာဘက်ကနေ တာဝန်ယူလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့အုပ်ချုပ်ရာနယ်မြေမဟုတ်တဲ့ ဒေသတွေကို လိုက်လံခုတ်ထွင် ရှင်းလင်းနေရတာဖြစ်တာကြောင့် လုံခြုံရေးအရ ခက်ခဲတဲ့ပိုင်းတွေရှိတယ်လို့ ဘိန်းခင်းတိုက်ဖျက်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ ဒီဘက်မှာဆိုကြောက်ရမှာက ပြည်သူ့စစ်တွေပေါ့နော်။ ကိုယ့်နေရပ်မဟုတ်တော့ သတိနဲ့ခုတ်နေရတာပေါ့” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းမီ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့တွေကနေ လာရောက်ခုတ်ထွင်ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ နှစ်တိုင်းလိုလို KIA ဘက်ကနေသာ ခုတ်ထွင်ရှင်းလင်းရေးတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆက်ဆိုပါတယ်။

“ နှစ်တိုင်းသူတို့ပဲ ရှေ့နှစ်ကလည်း ဒရုန်းတွေဘာတွေနဲ့ အကြီးအကျယ်ပဲ လုပ်ကြတာ။ မနှစ်ရဲ့ရှေ့တစ်နှစ်မှာတော့ ရဲတွေဝင်တော့ သူတို့မဝင်ဘူး။ မနှစ်ကစပြီး သူတို့ပြန်ဝင်ကြတာ တစ်စက်တောင်မကျန်ခုတ်ကြတယ်။ ဒီနှစ်က မုန်းညင်းခင်းများတော့ ဘယ်လိုလာမလဲမသိဘူး” လို့ ဆိုပါတယ်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဘက်ကနေ လာရောက်ခုတ်ထွင်ရှင်းလင်းမယ်လို့ သတင်းတွေပေါ်ထွက်ခဲ့ပေမယ့် လုံခြုံရေးအရ လာရောက်ခုတ်ထွင်ရှင်းလင်းတာမျိုးမရှိပဲ လက်ရှိအချိန်မှာတော့ KIA ကနေ ဝင်ရောက် ရှင်းလင်းနေတာဖြစ်ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...