ရခိုင်တွင် လူကုန်ကူးခံရမှုကိစ္စ တိုင်ကြားမှုများ မရှိသလောက် အားနည်းနေ

ရခိုင်တွင် လူကုန်ကူးခံရမှုကိစ္စ တိုင်ကြားမှုများ မရှိသလောက် အားနည်းနေ
စစ်တွေအဝေးပြေးကားဂိတ်အနီးက လူကုန်ကူးမှုတားဆီနှိမ်နင်းရေး အသိပေးဆိုင်းဘုတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - DMG
စစ်တွေအဝေးပြေးကားဂိတ်အနီးက လူကုန်ကူးမှုတားဆီနှိမ်နင်းရေး အသိပေးဆိုင်းဘုတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - DMG

ရခိုင်ပြည်အတွင်းက ဒေသနေပြည်သူများမှာ လူကုန်ကူးခံရမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ထံသို့ တိုင်ကြားမှုမှာ ယနေ့အထိ အားနည်းနေသေးကြောင်း အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)မှ သိရသည်။

ရခိုင်တွင် ၂၀၂၂ ခုနှစ်အတွင်း လူကုန်ကူးမှုကိုတိုင်ကြားသည့် အမှုတစ်ခုသာရှိခဲ့ပြီး ယင်းအမှုမှာ ရခိုင်မှအမျိုးသမီးတချို့ကို တရုတ်နိုင်ငံတွင် အလုပ်အကိုင်ရရှိမည်ဟု သွေးဆောင်ဖျားယောင်းကာ ခေါ်ဆောင်သွားသည့် အမှုဖြစ်ကြောင်း အမှတ်(၅)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)မှ ရဲမှူး မျိုးလွင်က DMG သို့ ပြောသည်။

“အမျိုးသမီးတွေက အမျိုးသားတွေထက် စည်းရုံးရတာ လွယ်တယ်။ ဆိုတော့ အမျိုးသမီးအချင်းအချင်းပဲ နည်းလမ်းမျိုးစုံနဲ့ သွေးဆောင်ဖျားယောင်းပြီးတော့ လူကုန်ကူးခံရတယ်။ ပြည့်တန်ဆာ လုပ်ခိုင်းတာလည်းရှိတယ်။ အလုပ်အတွင်းမှာလည်း ခေါင်းပုံဖြတ်ခံရတာရှိတယ်။ အမျိုးသားတွေလည်း လူကုန်ကူးခံရတာရှိတယ်။ ဒါပေမယ့် နည်းတယ်”ဟု ရဲမှူး မျိုးလွင်က ပြောသည်။

၂၀၂၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုမှ ပြစ်မှုကျူးလွန်သူ အမျိုးသမီးနှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု ရဲမှူး မျိုးလွင်က ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ်က လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့ထံသို့ တိုင်ကြားသည့်အမှု ၁ မှုသာ ရှိခဲ့သော်လည်း တခြား အမျိုးသမီးရေးရာလှုပ်ရှားသည့် အဖွဲ့များထံ တိုင်ကြားမှုများ ရှိခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်အတွင်း ရခိုင်အမျိုးသမီးကွန်ရက်ထံ တိုင်ကြားလာသည့် လူကုန်ကူးခံရမှု အမှုပေါင်း ၄ မှုရှိခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက “တစ်ချို့အမှုတွေက တနည်းနည်းနဲ့ ဖြေရှင်းလို့ ရလိုက်တယ်ဆိုရင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့ထံကို မရောက်ဘူး။ အခုနှစ်မှာ တစ်မှုတည်းရှိတယ် ဆိုတာကလည်း သူတို့ဆီကို ရောက်တာလောက်ပဲပေါ့”ဟု ပြောသည်။

ရခိုင်တွင် လူကုန်ကူးမှုအရေအတွက် နည်းပါးနေသည်မှာ လူကုန်ကူးမှုများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ထံ တိုင်ကြားမှုအားနည်းခြင်း ကြောင့်သာဖြစ်ပြီး တိုင်ကြားလာသည့် အမှုများကိုလည်း ထိရောက်စွာအရေးယူမှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းအချို့က ထောက်ပြပြောဆိုကြသည်။

“အစိုးရအဖွဲ့ကို တိုင်ကြားမှု အားနည်းတယ်ဆိုတာကလည်း ပြည်သူတွေဟာ ဘယ်သူ့ကို သွားတိုင်ရမယ်မှန်း မသိဘူး။ အစိုးရအဖွဲ့က ဘာတွေလုပ်ပေးလဲ ဆိုတာကို အတိအလင်းမသိရဘူး”ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ ဒေါ်စောစံငြိမ်းသူက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က လူကုန်ကူးမှု ၆ မှု၊ ၂၀၁၉ ခုနှစ်တွင် (မရှိခဲ့)၊ ၂၀၂၀ ခုနှစ်က ၁ မှု၊ ၂၀၂၁ ခုနှစ်တွင် (မရှိခဲ့)ဘဲ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် လူကုန်ကူးမှု ၁ မှုသာရှိခဲ့ကြောင်း အမှတ်(၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)၏ မှတ်တမ်းများအရ သိရသည်။

ရခိုင်ပြည်အတွင်း ဒေသမတည်ငြိမ်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတို့ကြောင့် ဒေသခံအများအပြားမှာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။ ထိုသို့သွားရောက်ရာတွင် တရားဝင်လမ်းကြောင်းမှ သွားရောက်မှုများရှိသလို တရားမဝင်လမ်းကြောင်းမှလည်း သွားရောက်မှုများရှိနေပြီး လူကုန်ကူးခံရမှုများကို တရားမဝင်လမ်းကြောင်းမှ သွားရောက်သူများက ပိုမိုကြုံတွေ့ရကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၁၄ အရ အမျိုးသမီးနှင့် ကလေးငယ်များကို လူကုန်ကူးပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်တကျွန်းအထိ ချမှတ်နိုင်ပြီး၊ ပုဒ်မ- ၂၅ အရ အမျိုးသမီးနှင့် ကလေးငယ်များမှ အပ အခြားသူတစ်ဦးကို လူကုန်ကူးပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခြင်းခံရနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...