ရွှေကုက္ကိုလ်မြို့ရှိ အွန်လိုင်းလူခေါ်လုပ်ငန်းတွင် လုပ်ကိုင်သည့်လုပ်သားများ နှိပ်စက်ခံရမှုရှိနေ

ရွှေကုက္ကိုလ်မြို့ရှိ အွန်လိုင်းလူခေါ်လုပ်ငန်းတွင် လုပ်ကိုင်သည့်လုပ်သားများ နှိပ်စက်ခံရမှုရှိနေ

ကရင်ပြည်နယ်၊ မြဝတီမြို့ အနီး၊ နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်ရာ ရွှေကုက္ကိုလ် ကျေးရွာရှိ ကာစီနိုလောင်းကစားဝိုင်း၌ အလုပ်လုပ်ရန် လူခေါ်ပေးနေသည့် လုပ်သားများကို လူဦးရေပြည့်မီ အောင် မခေါ်ပေးနိုင်သောကြောင့် နှိပ်စက်မှုများပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဒေသတွင်(BGF)တပ်များနှင့် တရုတ်၊ ထိုင်းစသည့်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် အကျိုးတူပူး‌ပေါင်းလုပ်ဆောင်နေသည့် ကာစီနိုလောင်း ကစားရုံ များတွင် အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးများကို ကာစီနိုရုံ၌ အလုပ်လုပ်ရန် အွန်လိုင်းစနစ်ဖြင့် အလုပ်သမားများ ကိုယ်တိုင်က လူခေါ်ယူပေးရသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

ထိုသို့ လူခေါ်ယူပေးနေရသည့် အလုပ်သမားများကို တစ်လလျှင် အမျိုးသမီး (၁၀)ဦးခန့် ခေါ်ဆောင်ခိုင်းကာ လူဦးရေမပြည့်လျှင် BGF တပ်သားများက နှိပ်စက်ရိုက်နှက်မှုများ ပြုလုပ် နေကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် လူငယ်တစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“အွန်လိုင်းနဲ့လူခေါ်ပေးနေတာတော့ တစ်နှစ်ပြည့်တော့မယ်။ ကျနော်တို့ကို အလုပ်ဝင်ဝင်ခြင်း တစ်သောင်းခွဲပေးတယ်။ အွန်လိုင်းမှာ ရန်ကုန်က မိန်းကလေးတွေရော၊ တောင်ကြီးကရော နိုင်ငံခြားကလူတွေလည်း အင်္ဂလိပ်လိုပြောပြီး ခေါ်ရတယ်။ မူဆယ်ဘက်က မိန်းကလေးတွေ လာတာများတယ်။ လူရရင်လည်း ကမ်းစပ်မှာတစ်ခါသွားကြိုရသေးတယ်။ တစ်လကို (၁၀) ယောက်ခေါ်ရမယ်လို့ သတ်မှတ်ထားတယ်။ မပြည့်တဲ့လတွေဆို BGF အဖွဲ့သားတွေနဲ့ အခန်း ထဲမှာ ပိတ်ပြီးရိုက်ခံထိတယ်။ ဘယ်သူ့ကိုမှလည်းတိုင်လို့မရဲဘူးလေ။ ရိုက်နှက်နေတာ ၃လ လောက်ရှိတော့မယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ကာစီနိုရုံများတွင် လုပ်ကိုင်ရန် လူခေါ်ပေးရသည့်လုပ်သားများကို BGF တပ်သားများက နှိပ်စက်ရိုက်နှက်မှုများ ပြုလုပ်နေကြောင်းကို ရွှေကုက္ကိုလ်ရပ်ကွက်များရှိ ရွာသားများလည်း သတင်းကြားသိနေရကြောင်း ဒေသခံများက ဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အွန်လိုင်းလူခေါ်ပေးနေတဲ့ အလုပ်သ မားတွေ ရိုက်နှက်ခံ ထိတာတော့ကြားတယ်။ သတင်းတွေက သူတို့အချင်းချင်းဆို တော့ဖုံး ထားတာ။ တရုတ်ဆိုက်(ဘက်)ကလူတွေပဲ သေချာသိရတယ်”ဟု ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ ရာထိုင်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holding Group) ကုမ္ပဏီနှင့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် နယ်မြေခံ (BGF)တို့ ပူးပေါင်း၍ မြန်မာရာထိုင်ရွှေကုက္ကိုလ်အထူး စီးပွားရေးဇုန်အနေဖြင့် မြဝတီမြို့၏ မြောက်ဘက် ဆယ်မိုင်ခန့်အကွာရှိ ရွှေကုက္ကိုလ်ဒေသတွင် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို တရားဝင်ပုံစံ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၎င်းစီးပွားရေးဇုန်တွင် ကာစီနိုလောင်းကစားရုံအများအပြားလည်း ပါဝင်နေပြီး နယ်မြေခံမဟုတ်သည့် ဒေသအသီးသီးမှ ရွှေ့ပြောင်းအလုပ်သမားများ၊ တရုတ်အလုပ်သ မားအများအပြား ဝင်ရောက် အလုပ်လုပ်ကိုင်မှုများရှိနေကြောင်း သိရသည်။

ထိုသို့ အလုပ်သမားအများအပြား ဝင်ရောက် အလုပ်လုပ်ကိုင်နေရခြင်းမှာလည်း အွန်လိုင်းမှ တဆင့် မက်လုံးအမျိုးမျိုးပေး၍ လိမ်လည်အလုပ်ခေါ်ယူမှုများရှိနေပြီး တရားမဝင် လူကုန်ကူးခံရသည့် ဖြစ်စဉ်များလည်း အများအပြား ပေါ်ပေါက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ မေလ(၇)ရက်နေ့တွင်ကလည်း ရှေ့တန်းထွက် နယ်ခြားစောင့်တပ် (BGF) တပ်သားအတွက်ဟုဆိုကာ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေ ကုက္ကိုလ်ကျေးရွာအုပ်စုတွင် အိမ်ထောင်စုတစ်စုလျှင် ထိုင်းဘတ်ငွေ ၅၀၀ ပေးဆောင်ရန် တောင်းခံမှုများပြုလုပ်ခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိပေ။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...