ထားဝယ်စစ်ရှောင်ပြည်သူများအတွက် အနွေးထည်သယ်ဆောင်ပို့ပေးရန် စစ်ကောင်စီ ကန့်သတ်တားမြစ်

ထားဝယ်စစ်ရှောင်ပြည်သူများအတွက် အနွေးထည်သယ်ဆောင်ပို့ပေးရန် စစ်ကောင်စီ ကန့်သတ်တားမြစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသရှိ စစ်ရှောင်ပြည် သူများအား အနွေးထည်ဝယ်ယူသယ်ဆောင်ပို့ပေးရန်အတွက်ကို စစ်ကောင်စီက ကန့်သတ်တားမြစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ဘေးရှောင်နှင့် နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့များကိုကူညီထောက်ပံ့မှုမပေးနိုင်ရန် ရည်ရွယ်ကာ စစ်ကောင်စီက ပြီးခဲ့သည့်လများတွင် အရှေ့တောနယ်ဒေသတွင် ဆန်နှင့် ရိက္ခာခြောက်များ သယ်ယူခွင့် ပိတ်ပင်ထားပြီး ယခုဆောင်းရာသီကာလအတွင်း အနွေး ထည်သယ်ဆောင်ခွင့်ကိုပါ ထပ်မံပိတ်ပင်ထားကြောင်း ကုန်သည်တစ်ဦးက ယခုလိုပြောသည်။

“သူတို့က အရင်ကဆို ဆန်တွေပေးမသယ်ဘူး။ သယ်လာတာမြင်ရင် ဒဏ်ငွေဆောင်ရ တယ်။ သိန်းဂဏန်းထိပေးရတာမျိုးရှိတယ်။ အခုဟာကျတော့ အနွေးထည်တွေ့တာနဲ့ ပေးမသယ်တော့တာ။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့အရှေ့တောနယ်ဘက်မှာရှိတဲ့ စစ်ရှောင်တွေကို အနွေးထည်မရစေချင်တဲ့ ရည်ရွယ်ချက်ပဲ”ဟု ကေအိုင်စီသို့ပြောသည်။

ထိုသို့ အနွေးထည်နှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းကို ပိတ်ပင်ထား သော ကြောင့် ၎င်းဒေသရှိ စစ်ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာ မလုံလောက်မှုအပြင် အအေး ဒဏ်ကိုပါခံစားနေရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

၎င်းအပြင် အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ရက်နေ့က စစ်ကြောင်း ထိုးပြီး ကျေးရွာအတွင်းရှိ စားနပ်ရိက္ခာများကို သယ်ဆောင်သွားသောကြောင့် စစ်ရှောင်သူ ဒေသခံပြည်သူများအနေဖြင့် စားသောက်ရေးအခက်အခဲကိုပါ ကြုံတွေ့နေရကြောင်း စစ်ရှောင်များအား အနီးကပ်ကူညီသူတစ်ဦးက ယခုလိုပြောသည်။

“အရှေ့တောမှာက စစ်ကြောင်းတွေလာရင် သူတို့နေထိုင်တဲ့နေရာကနေ ထွက်ပြီး ရှောင်ကြရတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မတိုင်ခင်က သူတို့မှာက တစ်လခွဲ စာလောက်၊ ရိက္ခာအလုံအလောက်ရှိကြတယ်။ ဒီဇင်ဘာလ ၅ရက်နေ့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးတော့ ရွာကရိက္ခာတွေ အကုန်ယူသွားကြတော့ အခု စစ်ရှောင်တွေမှာ စားနပ်ရိက္ခာ အခက်အခဲတွေ ရှိနေကြတယ်။ ”ဟု ၎င်းက ကေအိုင်သီသို့ ပြောသည်။

လတ်တလောတွင် ထားဝယ်မြို့ပေါ်နှင့်ကျေးရွာများဘက်တွင်လည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများမကြာခဏဆိုသလိုဖြစ်ပေါ်လျက်ရှိနေကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...