မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးပြည့်စုံစေရေးအတွက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအပါအဝင် လူမှုရေး၊ ဘာသာရေးအစုအဖွဲ့အားလုံးအနေဖြင့် တစ်ခုတည်းသော ကရင်အမျိုးသားအလံတော်အောက်တွင် တစ်စုတစ်စည်းတည်း ကြိုးပမ်းအားထုတ်ကြရန် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ် ၂၇၆၂ခုနှစ် (ပြာသိုလဆန်း ၁ ရက်) ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက်ပေးပို့သော ကေအဲန်ယူ ဥက္ကဋ္ဌ၏ နှစ်သစ်ကူးနေ့ သဝဏ်လွှာတွင် ထိုသို့ တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။
ကေအဲန်ယူ ဥက္ကဋ္ဌက “ နေရာဒေသအသီးသီးတွင် ရောက်ရှိနေကြသည့် မိမိတို့ ကရင့်အမျိုးသားများ၊ ကရင်အမျိုးသားအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် လက်နက်ကိုင် ခုခံတော်လှန်နေကြ သည့် အဖွဲ့အစည်းအားလုံး စည်းစည်းလုံးလုံးဖြင့် ကြိုးပမ်းအားထုတ်ကြရပါမည်။ မိမိတို့ အမျိုး သားများ၏ တစ်ခုတည်းသော အလံတော်အောက်တွင် ရည်မှန်းချက် တစ်ခုတည်းဖြင့် တစ်စုတစ်စည်းတည်း ကြိုးပမ်းအားထုတ်ကြရပါမည်”ဟု တိုက်တွန်းထားသည်။
၎င်းအပြင် ကရင်အမျိုးသားများသည် အမျိုးသားရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ ပြန်လည် သုံးသပ်ကြည့်ရာမှာ တွေ့ရှိရသည့် အကြီးမားဆုံးအားနည်းချက်သည် သင်းကွဲမှုနှင့် စည်းလုံးညီ ညွတ်မှုအားနည်းခြင်းပင်ဖြစ်ပြီး မည်သို့ပင်အားနည်းချက်များရှိစေကာမူ အားလျော့ခြင်းမရှိဘဲ ထိုမျှမက အားကောင်းပြီး ပိုမိုကောင်းမွန်သည့် စုစည်းမှုများဖြင့် အရှိန်ဟုန်မြှင့်တင်ကာ ကြိုးစားအားထုတ်ကြရ မည်ဖြစ်သည်ဟုလည်း KNU ဥက္ကဋ္ဌက တိုက်တွန်းထားသည်။
ကေအဲန်ယူ ဗဟိုကော်မတီဝင်ဖြစ်သူ ပဒိုစောသမိန်ထွန်းကလည်း “ စည်းစည်းလုံး လုံးညီညီညွတ် ညွတ်ပြောတာက တအားကြီးလွယ်တယ်၊ လက်တွေ့လုပ်တဲ့အခါကျရင် သင်းကွဲတာ တောက် လျှောက်ဖြစ်တာပဲ ။ ဒီမိုကရေစီကနေ မင်းမဲ့စရိုက်မဖြစ်ဖို့ဆိုတာကလည်း ဗဟိုချုပ်ကိုင်မှု ကလည်း စည်းနဲ့ကမ်းနဲ့ချုပ်ကိုင်တဲ့ ဗဟိုချုပ်ကိုင်မှု ဖြစ်ရမယ်။ အရေးကြီးတာက အများသဘောတူ ဆုံးဖြတ်တာကို အနည်းစုကမကြိုက်ပေမယ့် ဒီမိုကရေစီရဲ့လုပ်ထုံးလုပ်နည်းအရ အများသဘောတူတဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ကလိုတာကိုး။ အနည်းစုကဘာကြောင့်မကြိုက်တာလဲဆိုတာကိုလည်း သုံးသပ်ဖို့လိုတယ် အဲလိုအပြန်အလှန်ရှိရင် အကုန်စည်းလုံးညီညွတ်မှုပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ခေတ်စနစ်နှင့် နိုင်ငံရေးလိုအပ်ချက်များအရ စစ်အာဏာရှင်စနစ်အပြင် အာဏာရှင်စနစ် အလုံးစုံ ကျဆုံး ရေးအတွက် ကြိုးပမ်းအားထုတ်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်း အစုအဖွဲ့တိုင်းနှင့်လည်း လက်တွဲသွားကြမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက နှစ်သစ်ကူးသဝဏ်လွှာတွင် ပြောဆိုထားသည်။
ထို့အတူ ကရင်နှစ်သစ်ကူးနေ့အတွက်ပေးပို့သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၏ နှစ်သစ်ကူးသဝဏ်လွှာတွင်လည်း လက်ရှိ မိမိတို့အမျိုးသားများ ကြုံတွေ့ခံစားနေရသော ဖိနှိပ်မှု၊ ပူပင်သောကနှင့် ညှင်းပမ်းနှိပ်စက်ခံရမှုများမှ လွတ်မြောက်ရေးအတွက် မိမိတို့ကရင်အမျိုးသားများအားလုံးမှာ တာဝန်ရှိကြောင်း၊ အနာဂတ် မိမိတို့ သားသမီး၊ မျိုးဆက်သစ်များအေးချမ်းစွာနေထိုင်နိုင်ရန် မိမိတို့အားလုံးအားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။
ယနေ့ ပြာသိုလဆန်း (၁)ရက်နေ့တွင် ကျရောက်သည့် ၂၇၆၂ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကေအဲန်ယူ ထိန်းချုပ်သည့်နယ်မြေများတွင် စစ်ရေးတင်းမာမှုရှိနေ ဆဲဖြစ် သည့်အတွက် တိုက်ပွဲဖြစ်သည့် နေရာအများအပြားတွင် ကျင်းပနိုင်ခြင်းမရှိသလို အချို့နေရာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း လုံခြုံရေးအခြေအနေကြောင့် နှစ်သစ်ကူးပွဲတော်ကို အခမ်းအနားဖြင့် မကျင်းပနိုင်ကြသည့် ဒေသလည်းရှိသည်ဟု သိရသည်။







