ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ပိုင်း ကော့နွဲကျေးရွာထဲတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၁၀နာဝန်းကျင်ခန့်က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မသန်စွမ်းအမျိုးသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကော့နွဲကျေးရွာထဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် အဆက်မပြတ်ပစ်ခတ်သည့်အတွက် လူနေအိမ်များ၊ အိမ်မွေးတိရစ္ဆာန်၊ နွားအမြောက်အများ ထိခိုက်ပျက်စီးသေဆုံးသည့်အပြင် ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲရှိသည့် အသက်(၅၀) အရွယ်မသန်စွမ်းအမျိုးသားတစ်ဦး လည်း လက်နက်ကျည်ထိမှန် ဒဏ်ရာရှိသွားခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။
ကော့နွဲဒေသခံတစ်ဦးက “ ရွာမှာတော့ လူတွေမနေရဲကြတော့ဘူး။ လက်နက်ကြီးတွေ အမြဲပစ်နေတယ်။ မသန်စွမ်းသူ နှစ်ယောက်ကကျန်နေတယ်။ ညမှာ လက်နက်ကြီးကျလို့ မသန်စွမ်း တစ်ယောက် ဘယ်ဘက်လက်ထိသွားတယ်။ လက်ကကြေမွကုန်တယ်။ ရွာမှာ အိမ်တွေ၊ တိရစ္ဆာန်တွေတော့ အများကြီးထိတယ်။ ပြန်ကြည့်လို့မရဲသေးဘူ”ဟု ကေအိုင်စီသို့ပြောသည်။
ကော့ကရိတ်မြို့နယ်တွင် လက်ရှိ စစ်ရေးတင်းမာလာကာ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများနှင့် ညစဉ်နီးပါးလုပ်ဆောင်သည့်အပြင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီအမြှောက်တပ်ကလည်း ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ထောင်နှင့်ချီသည့် ဒေသခံလူထုများသည် ထွက်ပြေးတိမ်းရှောင်နေကြရသလို လက်ရှိအချိန်တွင် ဆောင်းရာသီ အအေးပိုသည့်အချိန်ဖြစ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ အခက်အခဲပိုမိုကြုံတွေ့ရသည်ဟု စစ်ရှောင်များက ပြောသည်။
“ ရွာထဲမှာ လက်နက်ကြီးနဲ့လည်း အဆက်မပြတ်ပစ်တယ် လေယာဥ်နဲ့လည်းလာပစ်တယ်။ လူကစစ်ဘေးရှောင်ပေမယ့်လည်း နေအိမ်တွေမီးရှို့ခံရမှာ စိတ်ပူတယ်။ ပြေးလာတာလည်း ဘာမှမယူလာရတော့ အခုက ရာသီဥတုလည်းအေးတယ်။ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ ဗိုက်ကြီးသည်တွေအတွက် အခက်ခဲတွေအများကြီးရှိတယ်"ဟု တိမ်းရှောင်သူဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် စကစ-၁၂ ဌာနချုပ်အနီးရှိ ခြေလျင်တပ်ရင်း (ခလရ-၂၃၀-၂၃၁) တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်စစ်ရေးအခြေအနေပိုမိုတင်းမာလာပြီး စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်မှု လုပ်ဆောင်လာကာ ယနေ့ ဒီဇင်ဘာလ ၂၂ရက်နေ့ အထိ ကော့ကရိတ်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်။







