ကရင်နှစ်သစ်ကူးအခါသမယ စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေ

ကရင်နှစ်သစ်ကူးအခါသမယ စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေ

ယနေ့ ကျရောက်သည့် ကရင်အမျိုးသားများ၏ ၂၇၆၂ ခုနှစ် နှစ်သစ်ကူးနေ့အခါသမယအချိန်တွင် ကော့ကရိတ်ရှိ စစ်ကောင်စီတပ်သည် ၎င်းတို့လက်နက်ကြီး အခြေချနေရာများမှ ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ အဆက်မပြတ်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ ထိုသို့ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် စစ်ဘေးရှောင်ကျေးရွာများမှ ဒေသခံနေအိမ်၊ ခြံများပျက်စီးမှု၊ ကျွဲနွားများ၊ ဒေသခံများ ထိခိုက်ဒဏ်ရာရှိမှုများ ကြုံတွေ့ခံစားနေရကြောင်း စစ်ရှောင်ဒေသခံများက ပြောသည်။

ကမိုင်ကုန်းရွာမှ စစ်ရှောင်ဒေသခံက “ဒီနေ့ဆို ကရင်နှစ်သစ်ကူးနေ့ပေါ့၊ ကော့ကရိတ် နယ်လုံးကျွတ် နှစ်သစ်ကူး ကွင်းချောင်းတောင် ဒုံးစင်ကွင်းမှာ နှစ်သစ်ကူးပွဲအနည်းကျဉ်းသာ လုပ်ဖြစ်တယ်။  ဒုံးကွင်းနဲ့ ချောင်တောင်ကျောင်းမှာ စစ်တပ်က တပ်စွဲထားတယ်။ အဲ့ဒီကနေ ကမိုင်ကုန်း၊ ကော့နွဲ၊ မြို့ဟောင်း၊ တတန်ကူး၊ အာရှလမ်းဘက် လက်နက်ကြီးတွေ အခု(နေ့လည်)အထိပစ်ထုတ်နေတယ်၊ လှိုင်၀ အမြှောက်ကုန်း၊ ၉၇ စစ်တပ်၊ ၂၃၁ ၊၃၂၀ တပ်တွေ ကနေလည်း ကျေးရွာတွေဘက် လက်နက်ကြီး ပစ်ထုတ်နေတာ အခုဆို တစ်ပတ်တိတိရှိ လာပြီ၊ ရွာတွေတော်တော်ပျက်စီးကုန်ပြီ ”ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်မှ စတင်စစ်ရေးအရှိန်မြင့် တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်များသည်  ၎င်းတို့ တပ်တည်နေရာများ၊ စစ်ကြောင်းအခြေချနေရာများအား KNLA ပူးပေါင်းတပ်များဘက်မှ လာရောက်တိုက်ခိုက်ခံရမှု မရှိစေရေး နေ့ရော၊ ညပါ လေကြောင်းမှ ဗုံးကြဲ၊ လက်နက်ကြီးများ ဒေသကျေးရွာများဘက် ပစ်ထုတ်နေပြီး ကော့ကရိတ် မြို့အနီးလမ်းမများတွင် သံချပ်ကာ အမြှောက်ကားများဖြင့် လှည့်ပတ်ကာ စစ်ဆင်ရေးအသွင် ကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ထိုသို့ စစ်ကောင်စီ စစ်ရေးအရှိန်မြှင့် လုပ်ဆောင်မှုကြောင့် ဒေသအတွင်း ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားများ၊ ကောက်သစ်စားပွဲများ၊ ပျော်ပွဲရွှင်ပွဲများမပြုလုပ်နိုင်တော့ဘဲ တိုက်ပွဲလွတ်ရာ လက်နက်ကြီးကျည်လွတ်ရာ ဗုံးခိုကျင်းများတွင် နေထိုင်စစ်ရှာင်နေကြရသူ ပိုတိုးလာနေကြောင်း ဒေသခံများက ပြောသည်။

 “သူတို့စစ်တပ်က သူတို့ရှိတဲ့နေရာတွေကို ကရင်အဖွဲ့တွေ လာတိုက်တာမျိုးခံရမှာ ကြောက်ကြတော့ ၊ညဉ့်ဦးပိုင်း၊ မိုးလင်းခါနီး၊ ညနေပိုင်းတွေဆိုရင် ကျေးရွာတွေဘက် လက်နက်ကြီး ပစ်ထုတ်ပြီ။ အဲ့အချိန် တွေဆို ဗုံးကျင်းထဲနေ၊ တောင်စောင်း၊ လျှိုစောင်းတွေမှာ နေနေကြရတယ်၊ မြို့ပေါ် ဆိုလည်း စကခ ၁၂ ကနေသံချပ်ကာ ကားတွေ စစ်ကားတွေ ၉၇ တပ်က စစ်ကားတွေ ထွက်လာပြီးတော့ ရပ်ကွက်တွေ လမ်း တွေ ပတ်နေတယ်၊ ”ဟု ကော့ကရိတ် ချောင်းတောင်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသကျေးရွာများမှ တစ်ပတ်တာအတွင်း နေအိမ်အလုံး ၂၀ ၀န်းကျင်၊ ကျွဲနွား ၁၀ကောင်ခန့် နှင့် ဒေသခံ အရပ်သား ၅ ဦးခန့် ၊ KNLA ပူးပေါင်းတပ်များဘက်မှ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားကြောင်း စစ်ရေး နယ်မြေသတင်းအရင်း အမြစ်များ ပြောစကားအရ သိရှိရသည်။

ကရင်ပြည်နယ်အတွင်း စစ်အာဏာသိမ်းဖြစ်စဉ် ပြီးနောက်ပိုင်း ယခု ၂၀၂၂ ခှနှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားများအား ပြည်နယ်မြို့ဖားအံနှင့်လှိုင်းဘွဲမြို့ဘက်တို့တွင်သာ စစ်ကောင်စီကျင်းပသည့် နှစ်သစ်ကူးအခမ်းအနားများ ကျင်းပနေပြီး KNU-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ် နယ်မြေကျေးရွာအချို့ နှင့် တပ်မဟာနေရာအချို့တွင် ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားနှင့် ကောက်သစ်စားပွဲများအားအကျဉ်းချုံး ကျင်းပနေကြကြောင်း သိရှိရပါသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...