ရသေ့တောင်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး (၂၀) ဦး နုတ်ထွက်စာတင်

ရသေ့တောင်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး (၂၀) ဦး နုတ်ထွက်စာတင်

ရသေ့တောင်မြို့နယ်၊ ကူတောင်နယ်မြေအတွင်းရှိ ကျေးရွာအုပ်စု(၁၉)အုပ်စုမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၂၀) ဦးသည် ယမန်နေ့ ဒီဇင်ဘာ (၁၆) ရက်နေ့တွင် နုတ်ထွက်စာတင်လိုက်ကြောင်း သတင်းရရှိသည်။

နုတ်ထွက်စာတင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်နယ်မြေမှ ကပ်ချောင်း၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ဦးဂါ၊ ကံပြင်၊ ပန်ဇင်းမော်၊ ကြက်ရိုးဆပ်၊ ညောင်ပင်လယ်၊ ဇီးကိုင်း၊ လက်ပံပင်ရင်း၊ အနောက်ပြင်(မူဆလင်)၊ ကူတောင်၊ မြင်းကန်းချောင်း၊ ဖြူချောင်း၊ ရေပိုက်ဆုံ၊ မင်းဂံ၊ သာစည်ထောင့်၊ ကျွန်းကြီး နှင့် ရွှေလောင်းတင် ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်။

နုတ်ထွက်စာတင်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကို ရပ်သူ၊ ရွာသားများက သဘောမကျမှု၊ ULA နှင့် စစ်ကောင်စီကြား တာဝန်ထမ်းဆောင်ရသည့် အခက်အခဲများအပြင် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုတော့၍ ဖြစ်ကြောင်း ပြောသည်။

"အဓိကကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ အလုပ်လုပ်ရတာက အခက်အခဲတွေအများကြီး ရှိပါတယ်။ ရွာသားတွေအနေနဲ့ သဘောမတွေ့တာတွေလည်း ရှိတယ်။ နောက်ပြီး ဒီမှာက ULA ကတာဝန်ယူထားတာတွေလည်း ရှိနေပြီးသားဖြစ်တာကတစ်ကြောင်း စစ်ကောင်စီ လက်အောက်မှာလည်း မလုပ်တော့ဘူးပေါ့။ ULA/AA နဲ့ စစ်ကောင်စီကြားမှာ အလုပ် လုပ်ရတာကလည်း အဆင်မပြေမှုတွေရှိပါတယ် ကျနော်တို့မှာလေ။ အဲ့ဒီတော့ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာက ပိုကောင်းတယ်ဆိုပြီး မိမိတို့ ဆန္ဒအလျှောက်ပဲ စာတင်လိုက်ကြတာပါ"ဟု ပြောသည်။

နုတ်ထွက်စာတင်သည့်ကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး၏ သဘောထားကိုတင်ပြနိုင်ရန် နိရဥ္စရာအနေနှင့်ဆက်သွယ်နေဆဲဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၆ အုပ်စုရှိသည့်အနက် ကျေးရွာအုပ်ချုပ်ရေးမှူးဦးရေ ၇ဝ ကျော်သည်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန် မထမ်းဆောင်လို၍  ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့က   အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ခဲ့ကြသေးသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...