မူတြော် (ဖာပွန်) တွင် ဒေသခံပြည်သူ၏ စပါးကျီ ၄ ခု စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့

မူတြော် (ဖာပွန်) တွင် ဒေသခံပြည်သူ၏ စပါးကျီ ၄ ခု စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ၊ ဘူးသိုမြို့နယ်၊ ခေါပုပ်ကျေးရွာအုပ်စု လာဂေါ်ဒဲကျေးရွာတွင် စပါးများသိုလှောင်ထား သည့် စပါးကျီ ၄ ခုကို ဒီဇင်ဘာလ ၁၀ရက်နေ့က စစ်ကြောင်းထိုးဝင်လာသည့် စစ် ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွားသည်ဟု မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဒေသခံစပါး ကျီများကို မီးရှို့ဖျက်ဆီးသည့်အတွက် စပါးတင်းပေါင်း ၂၇၀ မီးလောင်း ပျက်စီးသွားကာ ဒေသခံ၏ အိမ်တွင်း အသုံးဆောင် ပစ္စည်းများဖြစ်သည့် ဆိုလာပြားအပါအဝင် တန်ဖိုးရှိ ရှေးဟောင်းပစ္စည်းအချို့နှင့် အခြားအသုံးအဆောင်ပစ္စည်းများကိုလည်း အဓမ္မယူဆောင် သွားခဲ့သည်ဟု ဖော်ပြထားသည်။

ကေအဲန်ယူ တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက “ကျနော်တို့ တပ်မဟာ(၅)မှာ စစ်တပ်ဘက်က လှုပ်ရှားမှုပိုများလာတယ်။ လေယာဉ်နဲ့လည်းပစ်ခတ် မှုများတယ်။ လက်နက်ကြီးနဲ့လည်း ပစ်တာများတယ်။ အဲလိုပစ်တာတွေကြောင့် လူနေအိမ်တွေပြီးတော့ စပါးကျီတွေလည်း ၅ ခုလောက်ပျက်စီးသွားတာ လည်းရှိ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၉)ရက်နေ့က ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအတွင်းနှင့် လူထုများ လုပ်ကိုင်စားသောက်သည့်နေရာတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ကာ လက်နက်ကြီးလက်နက်ငယ်အချက်ပေါင်း ၁၀၀ ကျော်ခန့် ပစ်ခတ်ခဲ့ပြီး ဒေသခံကျွဲများကိုလည်း အကြောင်းမဲ့ ပစ်သတ်သွားခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် နိုဝင်ဘာလမှ စတင်၍ ယနေ့အထိ တစ်လကျော်ကြာအချိန်ကာလတွင် ကေအဲန်ယူတပ်မဟာ(၅)တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၁) ကြိမ် အထိပြုလုပ်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ လုံးကျော် ပျက်စီးသွားခဲ့ ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ဖြည့်စွက်ပြောသည်။

အလားတူ စစ်ကောင်စီတပ်မှ ညအချိန်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု များလာသည့်အတွက်လည်း ဒေသခံလူထုများသည် သတိဝိရိယနှင့် အမြဲနေထိုင်ရကြောင်း ကေအဲန်ယူ ဘက်က ပြောသည်။

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုများလာသည့်အတွက် နိုဝင်ဘာလမှစ၍ ဒီဇင်ဘာလဆန်းပိုင်းအထိ ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေတွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲပေါင်း (၁၄၇) ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ (၈၅)ဦးသေဆုံးပြီး (၅၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ပူးပေါင်း တပ်ဘက်တွင်လည်း ၁၁ဦးကျဆုံးပြီး ၃၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...