ပြည်သူများသွားလာနေသည့် မင်းပြား-မြေပုံလမ်းကို စစ်ကောင်စီတပ်မှ ဖွင့်မပေးသည့်အပြင် အင်အားတိုးချ

ပြည်သူများသွားလာနေသည့် မင်းပြား-မြေပုံလမ်းကို စစ်ကောင်စီတပ်မှ ဖွင့်မပေးသည့်အပြင် အင်အားတိုးချ
ဓာတ်ပုံ -  ပုံဟောင်း
ဓာတ်ပုံ - ပုံဟောင်း

ရက္ခိုင့်တပ်တော်အေအေနှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ်ရပ်ပြီးနောက် (၉) ရက်ခန့် အကြာတွင်  ရခိုင်မှပိတ်ထားသည့် ကုန်းလမ်း ရေလမ်းတချို့ ကို စစ်ကောင်စီတပ်မှ ဖွင့်ပေးထားသော်လည်း မင်းပြား-မြေပုံကားလမ်းကို ဖွင့်မပေးသည့်အပြင် အင်အားတိုး ချပြီး ပြည်သူများထံက ငွေကြေး တောင်းခံမှုလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “လမ်းလည်းမဖွင့်သေးဘူး။ မင်းပြားနဲ့ မြေပုံကို ဆက်သွယ်ထားတဲ့ ကြပ်စင်တံတားမှာ နေရာယူထားတဲ့ စစ်တပ်ကို မနေ့ကလည်း လူအသစ်တွေ ထပ်ရောက်တယ်။ ဘယ်လောက်ဆိုတာတော့မသိဘူး။ အင်အားထပ်ဖြည့်တယ်လို့ ပြောတယ်” ဟု ပြောသည်။ ၎င်းပြင် စစ်သားအချို့သည်  ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်နေသည်ဟု ဆိုသည်။

“ အဲဒီလမ်းမှာ တောင်မော်ဦး၊ ဘူးပင်ကြားနဲ့ တောင်မော်ကြားမှာ ကုက္ကိုပင်ကြီးရှိတယ်။ အဲဒီနေရာမှာ စစ်တပ်က ငွေ တောင်းတယ်။ ပစ္စည်းတွေတောင်းတယ်။ ဓါတ်ဆီ၊ ရေနံဆီပါရင် ငါးထောင်ပေး၊ တစ်သောင်းပေး အဲလို တောင်းတာ။ ငါးခြောက်ပါရင်လည်း တောင်းတယ်။ ဒါမှမဟုတ်ရင် အနည်းဆုံး ငါးတွေပေးရတယ်” ဟုဆိုသည်။

အလားတူ မင်းပြား-မြေပုံကားလမ်းပိုင်းက ချောင်းရှည်ရွာဘက်ကိုသွားသည့် လမ်းတွင်လည်း စစ်ကောင်စီ တပ်ကရှေ့တိုးလာပြီး ဒေသခံများထံမှ ငွေကြေးတောင်းခံမှုများရှိနေကြောင်းလည်း အဆိုပါ ဒေသခံက ဆက် ပြောသည်။

အလားတူ မင်းပြား၊ ပေါက်တောလမ်းတွင်ရှိသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင်လည်း စစ်ဆေးမှုများ တင်းကြပ်ထားပြီး ခရီးသည်များနှင့်ဒေသခံများထံမှ သူတို့ လိုချင်သည်ပစ္စည်းများကို ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ စစ်သားများက အဓမ္မယူဆောင်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ အများပြည်သူများ အသုံးပြုနေသည့်လမ်းကို ဖွင့်မပေးသည့် အပြင် စစ်သားများက ပြည်သူများထံမှ ငွေကြေး ကောက်ခံနေခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စစ်ကောင်င်စီပြောခွင့်ရ ဥပဒေချုပ် ဦးလှသိန်းသို့ ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသဖြင့် စစ်ကောင်စီဘက်က တုံ့ပြန်မှုကို တင်ပြနိုင်ခြင်း မရှိပါ။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...