စစ်တွေရှိ ဆီဆိုင်ကြီးများတွင် စက်သုံးဆီများ ဆက်လက်ပြတ်လပ်နေ

စစ်တွေရှိ ဆီဆိုင်ကြီးများတွင် စက်သုံးဆီများ ဆက်လက်ပြတ်လပ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စက်သုံးဆီအရောင်း ဆီဆိုင်ကြီးများတွင် စက်သုံးဆီများ ဆက်လက် ပြတ်လပ်နေဆဲ ဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ ဆီလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးကိုအောင်ထိုက်က "စစ်တွေတစ်မြို့လုံးက ဆီဆိုင်တွေမှာတော့ ဆီမရှိတော့ဘူး။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ရက်နေ့ကနေ ဒီနေ့အထိ ၂၂ရက်နေ့အထိ ကားလမ်းပိတ်ထားတယ်။ ကားတွေဝင်ခွင့်ရမှ ဆီတွေရမယ်။ ကျွန်တော့်အနေနဲ့တော့ ကားလမ်းကို အမြန်ဆုံးပြန်ဖွင့်ပေးစေချင်တယ်" ဟု ပြော သည်။

စက်သုံးဆီအရောင်း ဆီဆိုင်ကြီးများတွင် စက်သုံးဆီများပြတ်လပ်နေရခြင်းမှာ ရန်ကုန် - စစ်တွေ ကားလမ်းမရှိ စစ်တွေ - ပုဏ္ဏားကျွန်းကားလမ်းကို စစ်ကောင်စီတပ်က ပိတ်ပင်ထား၍ ရန်ကုန်မှ တင်သွင်းသယ်ယူလာသည့် ဆီသယ်ကားများမှာ စစ်တွေသို့မရောက်ရှိဘဲ ပုဏ္ဏားကျွန်းမြို့ လမ်းတစ်ဝက်တွင် ပိတ်မိနေခြင်းကြောင့်ဖြစ် သည်ဟု သိရသည်။

"ဆီပြတ်လပ်နေတာကတော့ကြာပါပြီ။ ဆီပြတ်လပ်ရတဲ့ အကြောင်းရင်းကတော့ ကားလမ်းတွေကို ပိတ်ထားတယ်။ ဖြတ်သန်းသွားလာခွင့်မပြုဘူး။  ဆီသယ်လာတဲ့ကားတွေလည်း မြို့ထဲ ဝင်မလာနိုင်တော့ဘူး။ ပိတ်မိနေတယ်။ နိုဝင်ဘာလအစောပိုင်းကတော့ လက်ကျန်ဆီတွေကို ရောင်းချတယ်။ လမ်းပိတ်ထားတာကိုလည်း ဖွင့်နိုးနိုးနဲ့ မျှော်နေရတာပေါ့။ ဒါပေမဲ့ ဒီနေ့ချိန်ထိ လမ်းမဖွင့်ပေးတော့ ဆီကားတွေလည်း ပိတ်မိတယ်။ လက်ကျန်ဆီတွေလည်း ရောင်းချရင်းကုန်တယ်။ အခုတော့  ဆီပြတ်လပ်နေတာကြာပါပြီ" ဟု  အမည်မဖော်လိုသည့် စက်သုံးဆီအရောင်းဆီဆိုင်ကြီးမှ မန်နေဂျာတစ်ဦးက ပြောသည်။

ထိုသို့ကားလမ်းများကို ပိတ်ပင်ထား၍ စစ်တွေမြို့ရှိစက်သုံးဆီအရောင်း ဆီဆိုင်ကြီး ၅ဆိုင်စလုံးတွင်း စက်သုံးဆီများပြတ်လပ်နေကာ သုံးဘီး၊ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများမှာ လမ်းဘေးတွင် ဆီလီတာအလိုက်ချရောင်းနေသည့် အရောင်းဆိုင်တို့မှ အောက်တိန်း 92 ၁လီတာလျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ ပေးဝယ်သုံးစွဲနေရသည်ဟု ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတစ်ဦးက ပြောသည်။

"ဆီဆိုင်ကြီးတွေမှာတော့ ဆီပြတ်လပ်နေလို့ ဆီဆိုင်တွေအကုန်လုံးပိတ်ထားတယ်။ လမ်းဘေး ချရောင်းနေတဲ့ ဆိုင်တွေဆီက လီတာအလိုက် အောက်တိန်း92 ၁လီတာကို ၃၂၀၀ကျပ်ကနေ ၃၅၀၀ကျပ်အထိ ကိုယ်ရောင်းကိုယ့်စျေးတဲ့ ဆီပြတ်လို့စျေးတက်တယ်ဆိုပြီးပေးဝယ်နေရတယ်။ အရင်တုန်းက ဆီဆိုင်ကြီးကနေဆီ ၅၀၀၀ကျပ်ဖို့ ဆီဖြည့်ရင် တစ်နေကုန်မောင်းနှင်လို့ရတယ်။ အခုတော့ ဆီ၁လီတာကို ၃၅၀၀ကျပ်ပေးပြီးတော့  မြို့ထဲကယ်ရီ ၂ခေါက်ဆွဲရတယ်၊ ကုန်ပြီ" ဟုပြော သည်။

ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာတွင် သတ်မှတ်ထားသည့် စက်သုံးဆီဈေးနှုန်းအရ  92 အောက်တိန်း တစ်လီတာကို ၂၁၃၅ကျပ်၊ 95 အောက်တိန်း တစ်လီတာကို ၂၂၁၀ကျပ်၊ ရိုးရိုးဒီဇယ်ဆီ တစ်လီတာကို ၂၅၆၅ကျပ်နှင့်၊ ဒီဇယ်ဆီတစ်လီတာကို ၂၆၄၀ကျပ်ရှိကြောင်း ဖော်ပြထားသည်။

ပုဏ္ဏားကျွန်းတွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၀ရက်နေ့၊ နံနက် ၇ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် စစ်ကားတစ်စီး မိုင်းဆွဲခံရပြီးနောက် ရန်ကုန် - စစ်တွေကားလမ်းမကို စစ်တပ်ကပိတ်ပင်လိုက်၍ ကုန်ကားများ၊ ခရီးသည်တင်ကားများအပြင် ဆီသယ်ကားများမှာရက်ပေါင်း ၂၂ရက်ကြာသည့်တိုင်(ယနေ့အချိန်ထိ) ပိတ်မိနေခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကာင်စီတို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့က အလွတ်သဘော အပစ်အခတ် ရပ်စဲလိုက်သည်မှာ ၄ရက်ကြာမြင့်လာပြီဖြစ်သော်လည်း ရန်ကုန် - စစ်တွေ ကားလမ်းမကို စစ်ကောင်စီတပ်မှပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိ၍ ကုန်ကားများ၊ ခရီးသည်တင် ကားများအပြင် ရန်ကုန်မှ စက်သုံးဆီများတင်ယူလာသည့် ဆီသယ်ကားများလည်း ပိတ်မိနေခြင်း ဖြစ်သည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...
ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...