ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

ဖားကန့်လမ်း တစ်လျှောက်တွင်ရှိသော ကျေးရွာ ၄ ခုမှ ဒေသခံ အမျိုးသားများ ၅၀ ဦးကို စစ်ကောင်စီတပ်အဖွဲ့ လူသားဒိုင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။

နိုဝင်ဘာလ ၃၀ ရက် ယမန်နေ့ ၄ နာရီဝန်းကျင်မှ ယနေ့ နံနက်ပိုင်း ၃နာရီအချိန်အထိ ဖားကန့်ဘက်မှ ဆင်းလာသည့် စစ်ကြောင်းက ကျောက်ထု၊ ဂတ်နွယ်၊ တံတားညီနောင်နှင့် ခွမ်စိုင် စသည့်ကျေးရွာအတွင်းရှိ အမျိုးသားများနှင့် ကားသမားများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ခွမ်စိုင်ဒေသခံတစ်ဦး KNG ကိုပြောသည်။

“ဖမ်းဆီးခံရတဲ့ အမျိုးသားတွေနဲ့ နီးစပ်တဲ့သူတွေပြောပြတာက ဖားကန့်ကနေ ဆင်းလာတဲ့ စစ်ကြောင်းတွေက ရွာအလိုက် တစ်အိမ်ဝင်တစ်အိမ်ထွက် အမျိုးသားမရှိဘူးလားဆိုပြီး အကုန်ဖမ်းသွားတယ်လို့ပြောတယ်။ တစ်ချို့က ဖားကန့်လမ်းမှာပြေးဆွဲနေတဲ့ ကားသမားတွေက ၁၀ ယောက်လောက်ပါသွားတယ်”ဟုပြောဆိုသည်။

ဖမ်းဆီးခံရသည့် အမျိုးသား ၅၀ ဦးကို ယနေ့နံနက်အစောပိုင်း ၄ နာရီဝန်းကျင်တွင် နန့်ယားစစ်တပ်ဘက်သို့ ခေါ်ဆောင်သွားပြီး လက်ရှိတွင် နန့်ယားစစ်တပ်အတွင်း ဖမ်းဆီထားကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ၅၀ ဦးအနက် ကားသမား ၁၀ ဦးကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့သည်ဟုသိ ရသည်။

ထိုဖမ်းဆီးခံထားရသည့် အမျိုးသားများကို ကားမိုင်းမြို့ဘက်ကို ဆက်လက် ခေါ်ဆောင်သွားရန်ရှိကြောင်း စစ်တပ်ဘက်ကပြောဆိုသည်ဟု ဖမ်းဆီးခံရသည့် မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။

ယခုလို စစ်ကောင်စီအဖွဲ့မှ အရပ်သားပြည်သူ အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် ၎င်းတို့၏ စစ်ကြောင်းသွားလာရာ လမ်းကြောင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့၏ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သည့်အတွက် အကာအကွယ်ယူရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို လွတ်ပေးခြင်းမရှိသည့်အတွက် သက်ဆိုင်ရာမိသားစုဝင်များက အလွန်စိုးရိမ်နေပြီး အမြန်ဆုံးလွတ်ပေးရန် တောင်းဆိုနေကြသည်။

အရပ်သားပြည်သူ ၅၀ ဦးကို ဖမ်းဆီးသွားသည့် စစ်ကြောင်းသည် နိုဝင်ဘာလ ၂၈ ရက်နေ့ ဖားကန့်ဘက်က ဆင်းလာပြီး ကျောက်ထုကျေးရွာအနီးတဝိုက်ရှိ တောနေရာများတွင် ပုန်းခိုနေသည့်အဖွဲ့ဖြစ်ပြီး ယမန်နေ့တွင် နန့်ယားကျေးရွာဘက်သို့ ထွက်ခွာလာခဲ့ရာ ယခုလို အရပ်သားပြည်သူများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...