မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ အပစ်အခတ် ရပ်စဲထားသော်လည်း အငူမော်- မောင်တော ကားလမ်းကို မြန်မာစစ်တပ်က ပိတ်ပင်ထားဆဲ ဖြစ်သည့်အတွက် မောင်တောနယ်စပ် ကုန်သွယ်မှု ပမာဏမှာ ၅ ရာခိုင်နှုန်းသာ လည်ပတ်နိုင်သေးကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က စတင်ကာ ကုန်စည်ပို့ဆောင်ရေ လမ်းကြောင်းများကို မြန်မာ စစ်တပ်က ပိတ်ပင်ခဲ့သည့်အတွက် (၂) လကျော် ကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ်ကုန်သွယ်မှုမှာ ၉၅ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက “လမ်းမပိတ်ခင် အစပိုင်းက ပို့ခဲ့တဲ့ ကိန်းဂဏန်းနဲ့စာရင် ဒီနိုဝင်ဘာလကုန်အထိ ၅ ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဩဂုတ်လက စပြီး စက်တင်ဘာလအထိတော့ ၇၀ ရာခိုင်နှုန်း၊ စက်တင်ဘာကနေ အောက်တိုဘာလအထိ ၄၀ ရာခိုင်နှုန်း၊ နိုဝင်ဘာလ ပထမပါတ်မှာ ၁၀ ရာခိုင်နှုန်းကနေ နောက်ဆုံးအပါတ် ဒီလကုန်တဲ့အထိ ၅ ရာခိုင်နှုန်းပဲ လည်ပတ်နိုင်သေးပါတယ်”ဟု ဦးအောင်မြင့်သိန်းက ပြောသည်။
လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ပုံမှန်ဖွင့်လှစ်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်ပတ်လျှင် တစ်ကြိမ်အဖြစ် စက်လှေတစ်စီးခန့်သာ ကုန်တင်ပို့နိုင်တော့သဖြင့် အငူမော်-မောင်တော ကားလမ်းကို အမြန်ဆုံး ပြန်ဖွင့်ပေးစေလိုကြောင်းလည်း ဦးအောင်မြင့်သိန်းကပြောသည်။
မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း လည်ပတ်ရေးအတွက် အဓိကအရေးပါသည့် စစ်တွေ ရေချမ်းပြင်မှ အငူမော်သို့ကူးသည့် ရေကြောင်းလမ်းနှင့် အငူမော်-မောင်တောကားလမ်းတို့ကို ပြီးခဲ့သည့်နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ နှစ်ရက်တာ ယာယီဖွင့်ပေးခဲ့သော်လည်း လက်ရှိအချိန်တွင် ပြန်လည် ပိတ်ပင်ထားဆဲ ဖြစ်သည်။
ရေချမ်းပြင်ဆိပ်ကမ်းမှ စက်လှေသမား ကိုဇော်လင်းက “အခုတော့ စက်လှေတွေကိုရော၊ ကားတွေကိုတင်တဲ့ ဇက်ရေယာဉ်တွေကိုပါ ကမ်းမှာထိုးထားရပါတယ်။ ဌာနဆိုင်ရာကလည်း ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ မသိရသေးတော့ ဘယ်နေ့၊ ဘယ်ရက်မှာ အငူမော်ဖက်ကို ပြန်ထွက်ရမယ်ဆိုတာ သေချာမသိရသေးပါဘူး”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ရခိုင်တွင် အပစ်အခတ်ရက်စဲထားသဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည် ဖွင့်လှစ်ရန် ကုန်သည်များက မျှော်လင့်နေကြခြင်းဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း ပြန်လည်ပတ်ရန်အတွက် ဌာနဆိုင်ရာနှင့် ကုန်သည်များအကြား ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ ငါး၊ပုဇွန်၊ ကဏန်းများနှင့် ကြက်သွန်၊ ငရုပ်၊ ဆန် အပါအဝင် အခြား လယ်ယာထွက်ပစ္စည်းများ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ သွပ်၊ သံထည် စသည့် ဆောက်လုပ်ရေးပစ္စည်းများ မြန်မာဘက်သို့ တင်သွင်းကြောင်းလည်း သိရသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းမှ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၃ သန်းနီးပါးအထိ တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင်တော့ အောက်တိုဘာလအထိ ၂၃ သန်းထိသာ တင်ပို့နိုင်သေးကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ စာရင်းအရသိရသည်။







