အမျိုးသားနေ့တွင် အကျဥ်းသား ၅၇၀၀ကျော် စစ်ကောင်စီ လွှတ်ပေး၊ နိုင်ငံခြားသား (၄) ဦးပါဝင်

အမျိုးသားနေ့တွင် အကျဥ်းသား ၅၇၀၀ကျော် စစ်ကောင်စီ လွှတ်ပေး၊ နိုင်ငံခြားသား (၄) ဦးပါဝင်
အင်းစိန်ဗဟိုအကျဉ်းထောင် အဝင်ဝကို တွေ့ရစဉ်။ Photo - CJ
အင်းစိန်ဗဟိုအကျဉ်းထောင် အဝင်ဝကို တွေ့ရစဉ်။ Photo - CJ

ယနေ့ ကျရောက်သည့် ၁၀၂ နှစ်မြောက် အမျိုးသားနေ့တွင် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား (၅၇၇၄) ဦးကို လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

အဆိုပါ အကျဉ်းသား ၅၇၇၄ ဦးတွင် နိုင်ငံရေးပုဒ်မ- ၅၀၅(က) ဖြင့် တရားစွဲခံထားရသည့် အနုပညာရှင် ၁၁ ဦး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုမင်း၊ ဂျပန်မှ ရုပ်ရှင်ဒါရိုက်တာ ကူဘိုတာနှင့် အမေရိကန်နိုင်ငံသား ဦးကျော်မင်းဦးအပါအဝင် နိုင်ငံခြားသား (၄)ဦးပါဝင်ပြီး ၄င်းတို့ကို ပြည်နှင်ဒဏ် ပေးလိုက်သည်။

ထို့အတူ ပြည်တွင်းသတင်းထောက် ၇ ဦး၊ ယခင် အဂတိအမှုဖြင့် တရားစွဲဆိုခံထားရသည့် တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်တို့ စသည်ဖြင့် နိုင်ငံရေးအကျဉ်းသား ၇၁၂ ဦးတို့ကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ယင်းသို့ အကျဉ်းသားများ ပြန်လည်လွှတ်ပေးမှုတွင် အင်းစိန်အကျဥ်းထောင်မှ နိုင်ငံရေးပုဒ်မဖြင့် စွဲဆိုခံရသူ အနုပညာရှင် ၁၁ ဦး၊ ကိုမြအေး၊ ပန်းချီ ဆရာထိန်လင်း၊ သတင်းထောက် ကောင်းဆက်လင်း၊ သူဇာ(လှလေးသူဇာ)အပါအဝင် အခြားအကျဉ်းချခံ (၁၁၄၃)ဦးကို ယနေ့ နေ့လည် ၁ နာရီ အချိန်မှစပြီး လွှတ်ပေးရန်စီစဉ်နေကြောင်း အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“အင်းစိန်ထောင်က လွှတ်ပေးတဲ့အထဲမှာ အနုပညာရှင်တွေ ပါတယ်။ နိုင်ငံရေးပုဒ်မနဲ့ အစွဲခံရတဲ့ သူတွေလည်းပါတယ်။ သတင်းသမား နှစ်ဦးပါတယ်လို့ သိထားတယ်။ နောက်ထပ် သတင်းသမားတစ်ဦးပါမပါတော့ ပြောမရသေးဘူး။ ကျန်တဲ့အကျဉ်းသားတွေလည်း လွှတ်ဖို့ရှိနေပါတယ်”ဟု ၄င်းက ပြောသည်။

သို့သော်လည်း လက်ရှိနေ့လည် ၁ နာရီကျော်အထိ ရန်ကုန်မြို့ အင်းစိန်ထောင် ထောင်သားများ ပြန်လည်လွှတ်ပေးခြင်းကို မမြင်တွေ့ရသေးကြောင်း အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များထံမှ သိရသည်။

“အခုအထိကို လွှတ်မပေးသေးဘူး။ ထောင်ကို လာစောင့်နေတဲ့သူတွေလည်း အများကြီးပဲ ဖြစ်နေတယ်”ဟု အကျဉ်းကျခံနေရသူတစ်ဦး၏ မိသားစုဝင်ကဆိုသည်။

ထို့အပြင် အိုးဘို၊ တောင်ကြီး၊ လားရှိုး၊ ကော့သောင်း၊ သာယာဝတီ၊ ပြည်နှင့် ဘားအံ စသည့်အကျဉ်းထောင်တို့၌ နိုင်ငံရေးအကျဉ်းသားနှင့် သတင်းသမားအပါအဝင် ၅၆ ဦး အပါအဝင် အကျဉ်းသား ၄၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးခဲ့ခြင်းရှိနေကြောင်း သက်ဆိုင်ရာအကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းအပြင် နိုင်ငံခြားသားလေးဦးကို ပြန်လည်လွှတ်ပေးခဲ့ခြင်းမှာ စစ်ကောင်စီကို နိုင်ငံတကာ ဖိအား အပေါ် လျော့ချရန် ကြိုးစားခြင်းဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြသည်။

“မစ္စတာရှောင်တာနယ်တို့ကို လွှတ်ပေးလိုက်တာ နိုင်ငံတကာရဲ့ နိုင်ငံရေးဖိအားပေးမှု လျော့ကျသွား မလား မျှော်လင့်ချက်နဲ့ လုပ်တယ်လို့ပဲမြင်တယ်။ ထွက်ပေါက် ရလာမလားဆိုတဲ့ မျှော်လင့်ချက်လို့လည်း ပြောလို့ရတယ်”ဟု အမည်မဖော်လိုသည့် နိုင်ငံရေးသမားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိ နိုင်ငံအကျဉ်းသားများ အပါအဝင် အကျဉ်းကျခံသူများ ပြစ်ဒဏ် လျော့ပေါ့လွှတ်ပေးမှုအဖြစ် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် ဧပြီလတို့၌ အကျဉ်းသားပေါင်း (၁၁၀၀၀)ကျော် လွှတ်ပေးခဲ့သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...