မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ၊ ရန်အောင်ပြင်ကျေးရွာ မြောက်ဘက်တစ် မိုင်ခန့်အကွာ တောင်တန်းများတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(နိုဝင်ဘာလ ၁၄ ရက်)၊ မွန်းလွဲ (၁၁)နာရီအချိန်ခန့်က စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကြိမ်ချောင်းအခြေစိုက် စစ်ဆေးဂိတ် နခခ(၇)နှင့် (၂၄)ဂိတ်တို့မှ လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း ရန်အောင်ပြင်ကျေးရွာသားတစ်ဦးက DMG သို့ ပြောဆိုသည်။

“တိုက်ပွဲက ၁၁ နာရီလောက်ကတည်းက ဖြစ်နေတာ။ ကျနော့်ရွာရဲ့ မြောက်ဘက်က တောင်တန်းမှာ ပြင်းပြင်းထန်ထန်ဖြစ်နေတာ။ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်သံတွေ ကြားရတယ်။ အဲဒီနေရာကို ကြိမ်ချောင်းစစ်ဆေးဂိတ်ကလည်း လက်နက်ကြီးတွေပစ်နေတယ်။ လက်နက်ကြီးက ရွာနားတွေမှာကျတယ်။ ရွာသားတွေ အကုန်လုံးပိတ်မိနေတယ်”ဟု ၎င်းကဆို သည်။

ရန်အောင်ပြင်ကျေးရွာတွင် အိမ်ခြေ(၁၄၀)နှင့် လူဦးရေ (၅၀၀)ခန့်ရှိကာ ရွာသားများမှာ ကျေးရွာအတွင်းပိတ်မိနေပြီး ရွာသားအနည်းငယ်မှာ ထွက်ပြေးတိမ်းရှောင်၍ ရရှိခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း အဆိုပါကျေးရွာအနီးကို မြန်မာစစ်တပ်က ဂျတ်လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်မှုများရှိပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာသားများကို မေးမြန်းစစ်ဆေးမှုများရှိကြောင်း နောက်ထပ်ကျေးရွာသားတစ်ဦးက ပြောသည်။

“အဲဒီနေ့က ရွာထဲကိုဝင်လာပြီးတော့ ရွာမှာရှိတဲ့ ယောက်ျားတွေ အကုန်လုံးခေါ်တယ်။ နောက်ပြီးတော့ ဖုန်းတွေကိုစစ်ဆေးတယ်။ မွန်းလွဲ (၁)နာရီလောက်ကတည်းက စစ်တာ ၇ နာရီလောက်မှာပြီးတယ်။ အဲဒီနေ့ ရွာသားတစ်ယောက်ကို ဖမ်းသွားတယ်၊ မနက်မှ ပြန်လွှတ်ပေးလိုက်တယ်။ အခုရွာသားတွေ ဘယ်ကိုထွက်ပြေးလို့ ပြေးရမှန်းမသိဘူး။ ဒီတစ်ကြိမ်ဆိုရင် ၃ ကြိမ်ရှိပြီ”ဟု ၎င်းကဆိုသည်။

ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ရန်အောင်ပြင်ကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးလှသိန်းအောင်ဆိုသူ၏ နေအိမ်နှင့် ဒေါ်အေးခင်၏ နေအိမ်များမှာ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

ယနေ့ တိုက်ပွဲနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ကျနော်ဆီကို ဒီနေ့ တိုက်ပွဲသတင်းတွေတော့ ရောက်မလာသေးဘူး။ ဒါပေမယ့်လည်း ဟိုတနေ့ နိုဝင်ဘာလ ၁၀ နေ့က ကြိမ်ချောင်း စစ်ဆေးရေးဂိတ်တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ ရန်အောင်ပြင်မှာ အိမ်နှစ်ဆောင် မီးလောင်သွားတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့လည်း ရန်အောင်ပြင်ရွာနားကို လေယာဉ်နှစ်စီးနဲ့ လာပစ်တယ်”ဟု ၎င်းကဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန်အတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာပြီး လက်ရှိတွင် ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

 ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ်အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- CINCDS
February 4, 2026
စစ်ကောင်စီသည် ဧရာဝတီ- ရခိုင် ကမ်းရိုးတန်းလမ်းကနေ အာရက္ခတပ်တော်ထိန်းချုပ်ရာ ဂွမြို့နယ်သို့...
မြောက်ဦးဆေးရုံဗုံးကြဲမှုအတွင်း သေဆုံးသွားသူမိသားစုဝင်အား တွေ့မြင်ရစဉ်။
February 3, 2026
ရခိုင်တွင် စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်နေပြီး ပြီးခဲ့သည်...
ဓာတ်ပုံ - Arakan Students’ Union
February 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ပြည်တွင်းနေ လူမှုသဟဇာဖြစ်စေရေးအတွက် လူမျိုးပေါင်းစုံ ချစ်ကြည်ရေး...
January 31, 2026
မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ကြောထဲတွင် ယခုရက်ပိုင်းအတွင်း ARSA...