ကျောက်တော်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရ

ကျောက်တော်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရ
ယနေ့(နိုဝင်ဘာလ ၁၁ ရက်)တွင် လက်နက်ကြီးကျည်စထိမှန်သွားသည့် ရွှေပြည်သစ်ကျေးရွာမှ ဒေသခံများကို တွေ့ရစဉ်။
ယနေ့(နိုဝင်ဘာလ ၁၁ ရက်)တွင် လက်နက်ကြီးကျည်စထိမှန်သွားသည့် ရွှေပြည်သစ်ကျေးရွာမှ ဒေသခံများကို တွေ့ရစဉ်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်(သစ်)ကျေးရွာအတွင်းသို့ ယနေ့(နိုဝင်ဘာလ ၁၁ ရက်) နေ့လယ် ၁ နာရီကျော်အချိန်ခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ရွာသား ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ မခိုင်ဇင်ဖြိုး(၇)နှစ်၊ မခင်စောဝေ ၂၇ နှစ်၊ ဦးမြအေး(၆၂ နှစ်)၊ ဦးလှမြင့်အောင် (၇၃ နှစ်)၊ မအောင်သောင်း (၂၉ နှစ်)၊ မလှလှကျော့ (၇ နှစ်)နှင့် မလှသန်းစိုး (၁၇ နှစ်)တို့ ဖြစ်ကြသည်။

"၃ လုံးပစ်တာ ၃ လုံးစလုံး ကျနော်တို့ ရွာထဲကိုလာကျတယ်။ တစ်လုံးကတော့ အိမ်ထဲကို တည့်တည့်ကျလာပြီးတော့ အဲဒီအိမ်ကမိသားစုတွေနဲ့ ဘေးအိမ်ကလူတွေကို ထိသွားတာပါ။ နောက် ၂ လုံးကတော့ အိမ်ဘေးနားတွေမှာကျပြီး ကျည်စစိုင်သွားကြတာပါ။ အိမ်တွေလည်း ၃ ဆောင်လောက် ပြိုသွားပါတယ်။ လက်နက်ကြီးတွေကတော့ သကြားစက်ရုံဖက်ကနေ အသံလာတာဖြစ်တဲ့အတွက် အဲဒီစက်ရုံနားက စကခ(၉)က ပစ်တယ်လို့ယူဆရတယ်"ဟု ရွှေပြည်(သစ်)ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ဒဏ်ရာရသူများအား ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိပြီး ယင်းအထဲမှ အသက် ၇၃ နှစ်အရွယ် ဦးလှမြင့်အောင်မှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသည်ဟုလည်း အဆိုပါကျေးရွာသားက ဆက်ပြောသည်။

"လောလောဆယ်တော့ ဖြူစင်မေတ္တာအသင်းကားကိုခေါ်ပြီးတော့ တစ်သုပ်ပို့လိုက်ပါပြီ။ ကျန်တဲ့လူနာတွေကတော့ ကားမှာ နေရာမဆန့်တော့လို့ မပို့ရသေးဘူး။ အခုဒဏ်ရာရသူတွေထဲမှာ တစ်ခြားလူနာတွေက အသက်အန္တရာယ် စိတ်ပူစရာမလိုပေမဲ့ တစ်ယောက်ကတော့ ဒဏ်ရာပြင်းတဲ့အတွက် စိုးရိမ်ရတယ်"ဟု ၄င်းကဆိုသည်။

ယခုပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။

ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း စကခ(၉)မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

Most read this week

July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...
July 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မြောက်ပိုင်း၊ ကျောက်ဆည်ပြင်ကျေးရွာအနီးရှိ တောင်တန်းများကို စစ်တပ်က...