ခရီးသွားလျှင် သေနတ်ဖြင့်လှမ်းပစ်နေမှုကြောင့် မင်းပြားက ကျေးရွာ ၂၀ ကျော် သွားလာရေး ခက်ခဲနေဟုဆို

ခရီးသွားလျှင် သေနတ်ဖြင့်လှမ်းပစ်နေမှုကြောင့် မင်းပြားက ကျေးရွာ ၂၀ ကျော် သွားလာရေး ခက်ခဲနေဟုဆို

မြန်မာစစ်တပ်က သေနတ်ဖြင့်ကြောက်လှန့်ပစ်ခတ်နေမှုကြောင့် မင်းပြားမြို့နယ်မှ ကျေးရွာ ၂၀ ကျော်မှာ မြို့ပေါ် သို့ ခရီးသွားလာရေးအဆင်မပြေဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာပြတ်တောက်မည့်အရေးနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများကဆိုသည်။

ရခိုင်ပြည်အတွင်းက မင်းပြားမြို့နယ်၊ ကြပ်စင်တံတားပေါ်တွင် အခြေစိုက်ထားသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ထိုကျေးရွာများမှ စက်လှေများသွားလာလျှင် ပစ်ခတ်မှုရှိနေသဖြင့် သွားရေး၊လာရေး အဆင်မပြေဖြစ်နေခြင်းဟု ဒေသခံများကဆိုသည်။

“ကျမတို့ရွာတွေက လိုအပ်တဲ့ပစ္စည်းအကုန်လုံးကို မြို့ပေါ်ကပဲ ဝယ်သုံးနေရတာ။ အခု မြို့ကိုသွားရင် စစ်တပ်က စက်လှေတွေကို သေနတ်နဲ့လှမ်းပစ်တယ်။ ဘယ်သူမှ မသွားရဲကြတော့ ရွာမှာရှိတာကိုပဲ စျေးပိုပေးပြီး ဝယ်စားနေရတယ်။ ဒါတောင် ရှာမရတဲ့ပစ္စည်းတွေက ရှိသေးတယ်။ နေမကောင်းဖြစ်ရင်လည်း မြို့ကိုဆေးခန်းသွားပြလို့ မရဘူး။ ရွာမှာလည်း သောက်မယ့်ဆေးတွေက ရှာမရဘူး။ အကုန်လုံး အခက်အခဲဖြစ်နေပါပြီ”ဟု ဖလောင်းပြင်ရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါကျေးရွာမှ ဒေသခံအချို့မှာ နိုဝင်ဘာလ ၄ ရက်နေ့က စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်လာနေ၍ မင်းပြားမြို့ပေါ်သို့ ဈေးဝယ်ရန်သွားစဉ် ကြပ်စင်တံတားပေါ်မှ သေနတ်ဖြင့်လှမ်းပစ်သောကြောင့် ချောင်းထဲ၌ ပိတ်မိနေခဲ့ပြီး ညဉ့်အချိန်မှသာ အရဲစွန့်ကာသွားခဲ့ရသည်ဟု ဒေသခံများကဆိုသည်။

အလားတူ ပြင်ဝကျေးရွာသားများမှာလည်း ယခင်က မင်းပြားမြို့သို့ ကုန်းလမ်း၊ ရေလမ်းနှစ်ခုစလုံးမှ သွားလာ၍ရသော်လည်း လက်ရှိတွင် မြန်မာစစ်တပ်ရှိနေသောကြောင့်  ရိက္ခာပြတ်လပ်မှုနှင့် ဆေးဝါးကုသရေး အပိုင်းတို့တွင် အခက်အခဲကြုံလာရသည်ဟု ကျေးရွာသားတစ်ဦးကပြောသည်။

“ရေကြောင်းကသွားရင်လည်း မြစ်ရေတက်ချိန်ပဲသွားလို့ရတယ်။ မြစ်ရေတက်နေတဲ့အချိန်ဆိုရင် သူတို့နဲ့ဝေးတဲ့ ပတ်လမ်းကနေသွားလို့ရတယ်။ တကယ်လို့ သူတို့မြင်လို့လှမ်းပစ်ရင်တောင် ဝေးတဲ့အတွက်လူတွေကို လာထိနိုင်ခြေနည်းတယ်။ ရေခမ်းနေတဲ့ အချိန်သွားရင်တော့ ကြပ်စင်တံတားနားက ကပ်သွားရတဲ့အတွက် အဆင်မပြေဘူး။ အခုတောင် နာမကျန်းဖြစ်ရင် ဆေးခန်းသွားပြဖို့အတွက် မလွယ်ဘူး။ အရေးပေါ်လူနာ တစ်ယောက်ကို ဆေးရုံပို့ဖို့အတွက် မြစ်ရေတက်ချိန်ထိ စောင့်နေလို့မှမရတာ။ စားနပ်ရိက္ခာတွေဆိုလည်း ၂ ရက်၊ ၃ ရက် ပြတ်လပ်သွားတာတွေရှိတယ်။ ပြီးရင် မြစ်ရေတက်ချိန်ကိုစောင့်ပြီး အရဲစွန့်ပြီး ခိုးသွားကြရတယ်”ဟု ၄င်းကပြောသည်။

ထို့ပြင် ရင်းဘွေကျေးရွာမှ မင်းပြားသို့ခရီးသည်ပြေးဆွဲနေသည့် စက်လှေတစ်စီးမှာလည်း လွန်ခဲ့သည့် အပတ်က မင်းပြားသို့သွားစဉ် ပစ်ခတ်ခံခဲ့ရသည်။ သို့သော် စက်လှေကို မထိမှန်သောကြောင့် ခရီးသည်များ အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည်ဟု ကျေးရွာသားတစ်ဦးကပြောသည်။

“တံတားနားမှာရှိနေတဲ့ဇက်က ကျနော်တို့ကိုလှမ်းပစ်ပြီးနောက်ပိုင်း မသွားရဲတော့ဘူး။ ပြီးတော့ စက်လှေငယ်တွေလို ခိုးသွားဖို့ကလည်း မော်တော်ဘုတ်ကြီးဖြစ်နေတော့ အဆင်မပြေဘူး။ ခရီးသည်တွေကလည်း ကြောက်ပြီးမလိုက်ရဲကြတော့ဘူး။ စားကုန်တွေကို စက်လှေတွေနဲ့ ထည့်လို့ရပေမဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာတွေကျတော့ လုံးဝကိုအဆင်မပြေတော့ပါဘူး။ ဒီဖက်ဒေသကလူတွေ အရမ်းကိုဒုက္ခကြုံနေရပါတယ်”ဟု ပစ်ခတ်ခံရစဉ်က စက်လှေပေါ်တွင် စီးနင်းပါခဲ့သူတစ်ဦးက ပြောသည်။

မင်းပြားမြို့သို့ သွားလာရေး အခက်အခဲဖြစ်နေသည့် ကျေးရွာများမှာ ဖလောင်းပြင်၊ရေငန်ဆည်၊ ချောင်းဝ၊ လက်ဝါးခတ်၊ ချောင်းဖျား၊ နန်းချောင်၊ ကန်ချောင်၊ ကျားပိုက်ကေ၊ ချော်ချောင်း၊ အိုင့်ရွာ၊ သစ်ပုတ်တောင်၊ ကျောက်ခုပ်၊ သင်္ဂနက်၊ သာယာကုန်း၊ ပြိုင်းတော၊ မြောင်ချောင်း၊ ရန်တိုင်၊ ခမောင်းတော၊ တောင်ရှည်ပြင်၊ ရင်းဘွေ၊ သအင်းရွာသစ်နှင့် သအင်းရွာဟောင်းတို့ဖြစ်ကြသည်။

ဒေသခံများ၏ စွပ်စွဲပြောဆိုချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က မင်းပြားမြို့နယ်၊ င/တန်ပျင်းတံတားအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ်ဖက်က ကြပ်စင်တံတားပေါ်တွင်  တပ်စွဲ နေထိုင်နေခြင်းဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...